ရီးယဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို အာဆင်နယ်နဲ့ အဲဗာတန် ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းနေ

၂၈  ဇန်နဝါရီ

အာဆင်နယ်အသင်းဟာ ရီးယဲလ်မက်ဒရစ်အသင်း ကွင်းလယ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို စာချုပ် ချုပ်ဆိုခေါ်ယူဖို့အတွက် အဲဗာတန်အသင်းနဲ့ အပြိုင်ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

အဆိုပါ ကိုလံဘီယာကြယ်ပွင့် ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို စပိန်လာလီဂါ ထိပ်တန်းကလပ် ရီးယဲလ်မက်ဒရစ်အသင်းက ပြောင်းရွှေ့ကြေးပေါင် ၃၄ သန်းခန့် တန်ဖိုးသတ်မှတ်ထားပေမယ့် အာဆင်နယ်အသင်းဟာ အခုလအတွင်းမှာ ရန်ပုံငွေအခက်အခဲနဲ့ ကြုံတွေ့နေရတာကြောင့် အငှားစာချုပ်နဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးကို စောင့်မျှော်နေတာ ဖြစ်ပါတယ်။

စပိန်သတင်းဌာနတစ်ခုဖြစ်တဲ့ အေအက်စ်ရဲ့ ဖော်ပြချက်မှာတော့ အာဆင်နယ်အသင်းနည်းပြ အာတီတာဟာ အခုလအတွင်းမှာ အသင်းအတွက် ဂျိမ်းစ်ရိုဒရီဂွက်ဇ်လိုမျိုး အရည်အချင်းရှိတဲ့ ကစားသမားတစ်ဦး ကိုခေါ်ယူသွားဖို့ ပစ်မှတ်ထားနေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဂျိမ်းစ်ရိုဒရီဂွက်ဇ်နဲ့အတူ ဘိုင်ယန်မြူးနစ်အသင်း၊ ရီးယဲလ်မက်ဒရစ်အသင်းတို့မှာ အတူလက်တွဲခဲ့တဲ့ လက်ရှိအဲဗာတန် အသင်းနည်းပြ အန်စလော့တီနဲ့ အာဆင်နယ်အသင်းနည်းပြ အာတီတာတို့ဟာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ခေါ်ယူဖို့အတွက် အပြိုင်ကြိုးပမ်းနေရတာ ဖြစ်ပါတယ်။

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ဘွန်ဒက်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းကနေ အငှားစာချုပ်သက်တမ်းကုန်လို့ ပြန်လာကတည်းက ရီးယဲလ်မက်ဒရစ်အသင်းနဲ့ အတူ ပုံမှန်ပွဲထွက်ကစားခွင့် မရရှိခဲ့တာ ဖြစ်ပါတယ်။

ကိုလံဘီယာကြယ်ပွင့် ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ လက်ရှိ ရီးယဲလ်မက် ဒရစ်အသင်းနဲ့အတူ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ၁၈ လကျန်ရှိ နေသေးပေမယ့် ရီးယဲလ်မက်ဒရစ်အသင်းကတော့ အသင်းကနေထွက် ခွာခွင့်ပြုဖို့ ရှိနေတာဖြစ်ပါတယ်။

ငွေကြယ်