ချယ်လ်ဆီးကခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ တိုက်စစ်မှူး ကာဗာနီ အက်သလက်တီကိုမက်ဒရစ်ကိုပြောင်းရန် နှုတ်အားဖြင့် သဘောတူ

၂၈  ဇန်နဝါရီ

ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီဟာ အခုဇန်နဝါရီဈေးကွက် မပိတ်သိမ်းမီမှာ အက်သလက်တီကို မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ကစားဖို့နှုတ်အားဖြင့် သဘောတူညီထားတယ်လို့ ဂိုးလ်ဒေါ့ကွန်းက သတင်းဖော်ပြထားပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ကာဗာနီ ကို ခေါ်ယူဖို့ယူရိုသန်း ၁၀ နဲ့ ကမ်းလှမ်းထားပေမယ့် ပီအက်စ်ဂျီအသင်း အားကစားဒါရိုက်တာ လီယိုနာဒိုကငြင်းဆိုထားတယ်လို့ ဆိုပါတယ်။ ချယ်လ်ဆီးအသင်းကလည်း တိုက်စစ်မှူးအေဘရာဟမ်ကို ပံ့ပိုးပေးနိုင်မယ့် တိုက်စစ်ကစားသမားတစ်ဦးကို ကာလတို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ဆန္ဒရှိနေပြီး နည်းပြ ဖရန့်လမ်းပတ်ကတော့ တိုက်စစ်မှူး ကာဗာနီကိုခေါ်ယူဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

အတွေ့အကြုံရင့်ကျက်တဲ့ တိုက်စစ်မှူးကာဗာနီဟာ ပီအက်စ်ဂျီအသင်းနဲ့အတူ သူ့ရဲ့ ကစားသမားဘဝကို ခုနစ်နှစ်ကြာ ဖြတ်သန်းခဲ့ရာမှာ ပြိုင်ပွဲအရပ်ရပ် စုစုပေါင်းပွဲစဉ် ၂၆၉ ပွဲ ပါဝင်ကစားပေးထားကာ ၁၉၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းမှာ ပုံမှန်ပွဲထွက်ကစားခွင့်ရရှိဖို့အတွက် တိုက်စစ်မှူးအမ်ဘတ်ပီ၊ နေမာ၊ ဒီမာရီယာတို့နဲ့ အပြိုင်ဖြစ်နေတာကြောင့် ကာဗာနီအနေနဲ့ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ငွေကြယ်