ပူပင်သောကများရင် ဘာလို့ ဆံပင်တွေ ဖြူကုန်တာလဲ

ငယ်ငယ်ကဆို လူကြီးတွေပြောတာ ကြားဖူးကြမယ် ထင်တယ်၊ “အရမ်းမတွေးနဲ့ ဆံပင်တွေ ဖြူကုန်မယ်ဆိုတာမျိုး” ၊ “ဆံပင်တွေ ဖြူမှာပေါ့ လျှောက်တွေးနေတာကိုး” ဆိုတာမျိုးတွေပေါ့။

 

ဟုတ်လည်း ဟုတ်တယ်လေ။ တစ်ချို့တွေဟ ငယ်ငယ်ရွယ်ရွယ်မှာ ဆံပင်တွေဖြူကုန်ကြတယ်။ တွေးခေါ်စဉ်းစားရတဲ့ အလုပ်မျိုးတွေ၊ ဦးနှောက်မုန်တိုင်းဆင်ရတဲ့ အလုပ်မျိုးတွေ လုပ်ကိုင်သူတွေဟာ သာမန်လူတွေထက်ပိုပြီး ဆံပင်ဖြူတာပိုမြန်ကြတယ်။ ဒါကြောင့်လည်း ရှေးလူတွေက အရမ်းတွေးလွန်းရင် ဆံပင်ဖြူတယ်လို့ ဆိုခဲ့ကြ တာဖြစ်နိုင်ပါတယ်။

 

အရမ်းတွေလွန်းရင်၊ စိုးရိမ်လွန်လွန်းရင်၊ ပူပင်သောကများရင်၊ စိတ်ဖိစီးမှုများရင် တကယ် ဆံပင်ဖြူသလား? သိပ္ပံ လေ့လာချက်တွေအရဆိုရင်တော့ ဒီအချက်ဟာ မှန်ကန်တယ်လို့ ဆိုပါတယ်။ အလွန်အမင်း အလုပ်ပေးနေရင် ဆံပင်တွေဖြူစေနိုင်ပါတယ်။ ငယ်ငယ်က လူကြီးတွေပြောဆို ဆုံးမခဲ့ဖူးတဲ့ စကားတွေဟာ မှန်ကန်တယ်ဆိုတာကို ဒီနေ့ခေတ်မှာ သက်သေပြနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဟားဗတ်တက္ကသိုလ်နဲ့ ဆော်ပေါ်လိုတက္ကသိုလ်တို့ ပူးပေါင်းပြုလုပ်တဲ့ သုနေသနပြုချက်တွေအရ ဒီအချက်ဟာ အပြည့်အဝမှန်ကန်တယ်လို့ သက်သေပြနိုင်ခဲ့ပါပြီ။

 

ဘာကြောင့် ဆံပင်တွေဖြူကုန်တာလဲ

 

ဒါပေမယ့် ဘယ်လိုအကြောင်းတရားကြောင့် ခုလိုဆံပင်တွေ ဖြူကုန်ရတာလဲ? လူ့ခန္ဓာကိုယ်က melanocyte stem cells တွေဟာ အရေပြားနဲ့ ဆံပင်ရဲ့ အရောင်အသွေးကို အထောက်အကူပြုတဲ့ ဆဲလ်စ်အမျိုး အစားတစ်မျိုးဖြစ်ပါတယ်။ အလွန်အမင်း စိတ်ဖိစီးမှုများတာမျိုး၊ ဦးနှောက်အလွန်အမင်း အလုပ်လုပ်ရတာမျိုးတွေ ဖြစ်လာတဲ့အခါမှာ အဲဒီဆဲလ်တွေ ပျက်စီးသွားတာမျိုး၊ melanin ထုတ်လုပ်မှုကျဆင်းသွားတာမျိုးတွေ ဖြစ်ပေါ် စေလေ့ရှိပါတယ်။ ဒါက ဆံပင်တွေ အရောင်ပြောင်းလဲ သွားစေတဲ့ အဓိက အကြောင်းတရားပါပဲ။

 

တကယ်တမ်းအားဖြင့် ဆံပင်ဖြူတာဟာ အမျိုးသားရော အမျိုးသမီးတွေမှာပါ ဖြစ်နိုင်တဲ့ ကိစ္စတစ်ခ ဖြစ်ပြီး ပုံမှန်အခြေအနေမှာ အသက် ၃၀ ကျော်အရွယ်ရောက်ရင် စတင်ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒီအခြေအနေမျိုးဟာ သဘာဝအတိုင်း အိုမင်းရင့်ရော်မှုကို ဖော်ပြတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေ ကြားဝင်လာချိန်မှာတော့ ဆံပင်ဖြူချိန် ပိုစောတာ၊ ပိုမြန်တာတွေ ဖြစ်ပေါ်လာရပါတော့တယ်။

 

လက်ရှိအချိန်အထိ ရှိနေတဲ့ နည်းလမ်းတွေအရဆိုရင်တော့ ဆံပင်ဖြူခြင်းကို တားဆီးနိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ဒီကိစ္စကို ဖြေရှင်းနိုင်ဖို့ နီးစပ်လာနေပြီဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လောက်အချိန် ထပ်ယူရဦး မယ်ဆိုတာကို ဘယ်သူမှ အတိအကျမပြောနိုင်ကြသေးပါဘူး။

 

ဒီပြဿနာကို ကြွက်တွေနဲ့ စမ်းသပ်ကြည့်ရာမှာ နာကျင်မှုကြောင့် စိတ်ဖိစီးမှုခံစားနေရတဲ့ ကြွက်လေးတွေ ဟာ adrenaline နဲ့ cortisol တို့ အမြောက်အမြားထုတ်လုပ်လာပြီး သွေးဖိအားကို တိုးစေသလို နှလုံးခုန်နှုန်းကိုလည်း မြန်ဆန်သွားစေပါတယ်။ အဆိုပါအခြေအနေဟာ အာရုံကြော စနစ်ကို ထိခိုက်စေပြီး အိုမင်းရင့်ရော် မှုဖြစ်ပေါ်လာစေဖို့ တွန်းအားတစ်ခုဖြစ်လာစေပါတယ်။ ခုလိုဖြစ်လာပြီဆိုရင် အဆိုပါဆဲလ်စ်တွေဟာ ပြန်လည်ကောင်းမွန်လာခြင်း မရှိတော့ပဲ ပျက်စီးသွားမှာ ဖြစ်တာမို့ ဆံပင်တွေဟာလည်း အမြဲတမ်း ဖြူသွားတော့မှာဖြစ်ပါတယ်။

 

ဆံပင်မဖြူအောင် ကာကွယ်ကြမယ်

 

ဆံပင်ဖြူပြီးသွားရင် သဘာဝအတိုင်း ပြန်မဖြူလာနိုင်တော့ဘူးဆိုပေမယ့် ကိုယ့်မှာ ဆံပင်ဖြူတွေ မထွက်သေးရင်၊ များများစားစား မပေါက်သေးဘူးဆိုရင် ကြိုတင်ကာကွယ်လို့ရတဲ့ နည်းလမ်းလေး တွေတော့ ရှိပါတယ်။ ကိုယ့်ရဲ့ ဆံကေသာလေး လှပသန်စွမ်းနေဖို့၊ ဆံပင်ဖြူတွေ မပေါက်လာစေဖို့ အောက်ပါနည်းလမ်းတွေကို အသုံးပြုပြီး ကြိုတင် ကာကွယ်ထားသင့်ပါတယ်။

 

•           ၁။ အာဟာရပြည့်ဝအောင်စားပါ

•           ၂။ စိတ်ဖိစီးမှုတွေကို လျှော့ချပါ

•           ၃။ ဆံပင်ဆိုးဆေးတွေ မသုံးပါနဲ့

•           ၄။ တတ်နိုင်သမျှ ဆံပင်နဲ့ နေရောင်နဲ့တိုက်ရိုက်ထိတွေ့မှုမရှိအောင် ထားပါ

•           ၅။ ဆေးလိပ်သောက်တတ်ရင် ဖြတ်မယ်

•           ၆။ ဆံသားကို အာဟာရဖြည့်တင်းဖို့အ တွက်သဘာဝပစ္စည်းတွေကို သုံးပါ

 

ဒီနည်းလမ်းတွေကို အသုံးပြုမယ်ဆိုရင် အရွယ်မတိုင်ခင်မှာ ဆံပင်ဖြူတာမျိုးနဲ့ အတွေးလွန်ပြီး ဆံပင်ဖြူတာမျိုးတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

 

 

ရေးသားသူ Ye Zon Aung

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”