ကောလင်း ၂၉ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ် ရွှေဘို-မြစ်ကြီးနားသွားကားလမ်း၊ ပဒုမ္မာကျေးရွာအနီးမှ တရားမဝင်သစ်ခွဲသားများ တင်ဆောင်လာသော ယာဉ်တစ်စီးဖမ်းမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ည ၉ နာရီခန့်တွင် ကောလင်းမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်တင်လင်းအောင် ဦးစီးသောအဖွဲ့သည် နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ကောလင်းမြို့နယ်အတွင်း ရွှေဘို-မြစ်ကြီးနားကားလမ်းတွင် တရားမဝင်သစ်များ သယ်ဆောင်နေကြောင်း သတင်းအရ ရှာဖွေဖမ်းဆီးနေစဉ် မိုင်တိုင်အမှတ် ၉၉ ပဒုမ္မာရွာအနီးတွင် ရပ်ထားသောယာဉ်အား မသင်္ကာ၍ ရှာဖွေစစ်ဆေးရာ အဆိုပါယာဉ်အတွင်းမှ တရားမဝင် အင်ကြင်းသစ်ခွဲသား(၁၁၄)ချောင်း၊ (၉ ဒသမ ၂၃၇၀)တန်၊ သိမ်းဆည်းရမိသဖြင့် ယာဉ်မောင်း၊ ယာဉ်ပိုင်ရှင်နှင့် သစ်ပိုင်ရှင်အား စုံစမ်းဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လူအောင်(ကသာ)