နှာခေါင်းစည်းတပ်ရမလား မတပ်ရဘူးလား

ဂျူး

 

ကျွန်မ စက်မချုပ်ဖူးပါဘူး။

 

ငယ်ငယ်တုန်းက ဆေးကျောင်းမှာတုန်းက နှာခေါင်းစည်းဆိုတာ ဝယ်ရတဲ့အရာလို့တောင် မသိခဲ့ဘဲ ပတ်တီးလိပ် အစတွေကိုပဲ နှစ်လွှာသုံးလွှာထပ်တွဲ၊ ကိုယ့်ဟာ ကိုယ်လက်နဲ့ချုပ်ပြီး ဆေးရုံဝါ့ဒ်တွေကို သွားခဲ့ရတဲ့အဖြစ်ကို မှတ်မိနေပါတယ်။ အဲဒီတုန်းကတော့ သွေးနဲ့ တံတွေးကနေ ကူးစက်မယ့် ပိုးမွှားတွေကို ကိုယ့်ဆီကူးမှာထက် ကိုယ့်ဆီကပိုး လူနာတွေဆီ မကူးဖို့ကို ပိုပြီးအာရုံထားခဲ့တာပါ။

 

ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း ရိုးရိုးကို သာမန်ပြည်သူတွေ တပ်စရာမလိုဘူးလို့ ကပ်ရောဂါဖြစ်စ ပထမပိုင်းမှာ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးက အသိပေးခဲ့ပါတယ်။

 

အကြောင်းတစ်ခုက ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းက အန် ၉၅ အသက်ရှူကိရိယာလို ဗိုင်းရပ်စ်ပိုး ကို (၉၅ ရာခိုင်နှုန်း) တားဆီး ကာကွယ်မပေးနိုင်လို့။ နောက် တစ်ခုက အဲဒီ သာမန်ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းကိုပင်လျှင် လုံလုံလောက်လောက် မရနိုင်တာကြောင့် ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူနာ တွေကို ဦးစားပေးသုံးကြဖို့ပါ။ အဲဒီ တုန်းက အဝတ်စနဲ့ ပြုလုပ်တဲ့ နှာခေါင်းစည်းတွေကို လုံးဝ အားမပေးခဲ့ပါဘူး။ ရက်လုပ်ထားတဲ့ ချည်ထည်မှန်သမျှ (Any Woven cloth) ဗိုင်းရပ်စ်ကို မကာကွယ်ပါ ဘူးလို့ အတိအလင်းပြောခဲ့ကြတယ်။

 

အခုတော့ အာရှနဲ့ယှဉ်လိုက်ရင် အမေရိကားနဲ့ ဥရောပနိုင်ငံတွေမှာ ကူးစက်နှုန်း သိပ်မြန်နေတာဟာ နှာခေါင်းစည်းတပ်ခြင်း မတပ်ခြင်းနဲ့ ဆိုင်သလားလို့ မေးခွန်းတွေ ထွက်လာခဲ့တယ်။

 

မန်ဆာချူးဆက်တက္ကသိုလ်မှာ နောက်ထပ် စစ်ဆေးချက်တွေအရ ချောင်းဆိုးတဲ့အခါ အမှုန်အမွှားတွေ က ခြောက်မီတာအကွာအထိ ရောက်နိုင်ပြီး နှာချေရင်တော့ ရှစ်မီတာအကွာအထိ ရောက်နိုင်တယ်တဲ့။ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း တွေတောင် လုံလောက်မှုမရှိတာကြောင့် အခုတော့ အဝတ်နဲ့ပဲ ကိုယ့်ဟာကိုယ် DIY (Do It Yourself) နှာခေါင်းစည်းတွေပြုလုပ်ပြီး တပ်ကြဖို့ အကြံပြုလာပြန်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာဆို လည်စီးပဝါ (Scarf) တွေကို မျက်နှာမှာ စည်းနှောင်သွားဖို့ သမ္မတထရမ့်ပ် က တိုက်တွန်းနေပါတယ်။ ။

 

Youtube မှာ နှာခေါင်းစည်း ချုပ်နည်းတွေ များစွာတွေ့ရမှာဖြစ်ပေမယ့် ကျွန်မကတော့ ကျန်းမာရေ အဖွဲ့တစ်ခုခုက ညွှန်းတာကို ပိုအားကိုးချင်ပါတယ်။ ဒါကြောင့်လည်း ကပ်ဘေးဆိုင်ရာ ဆေးပညာနဲ့ ပြည်သူ့ကျန်းမာအဖွဲ့(Disaster Medicine and Public Health Preparedness (Cambridge  University) က ထုတ်ပြန်တဲ့ နှာခေါင်းစည်းဆိုင်ရာ သတင်းကို ဖတ်မိတဲ့အခါ ကိုယ့်မိတ်ဆွေတွေကို ဝေမျှချင်လာပါတယ်။ တပ်ရမလား မတပ်ရဘူးလား အတိအကျ မဝေခွဲနိုင်တော့ ကျွမ်းကျင်သူတွေရဲ့ ထင်မြင်ယူဆချက်ကို သိချင်မိပါတယ်။ မတပ်တာနဲ့စာရင် တပ်တာက ပိုကောင်းတယ်တဲ့။ နှာခေါင်းစည်းတွေ လိုချင် တိုင်း ဝယ်မရတဲ့ အခုနေခါမှာ ကျန်းမာရေး ဝန်ထမ်းတွေအတွက် ဦးစားပေးလိုက်ပြီးတော့ ကိုယ့်အတွက်ကိုတော့ ကိုယ်တိုင်ပြုလုပ်ဖို့ အားပေးရမယ်လို့ သူတို့အဖွဲ့က ယူဆပြီး လုပ်ပုံလုပ်နည်းပြောပါတယ်။

 

ဘယ်လိုအစမျိုးကို အသုံးပြုရမလဲ

 

ကိုရိုနာဗိုင်းရပ်စ်ထက် ငါးဆလောက် သေးငယ်တဲ့ အမှုန်ကလေး တွေကို ဘယ်လောက်စစ်ပေးနိုင်လဲ ဆိုတဲ့ စမ်းသပ်ချက်ကို ၂၀၁၃ တုန်းက စမ်းသပ် အဖြေရှာထားတာကိုလည်း ပုံနဲ့တကွ ဖတ်လိုက်ရတာ စိတ်ဝင်စား စရာပါ။ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းကို စံပြုပြီးတော့ ဖော်ပြပေးပါတယ်။ အဲဒီအစမျိုးက ၈၉ ရာခိုင်နှုန်း စစ်ပေး တယ်တဲ့။ သူ့ထက် တစ်ဆင့်နိမ့်တာကတော့ ဖုန်စုပ်စက်မှာ သုံးတဲ့အိတ် (Vacuum Cleaning Bag) ပါတဲ့။ ကျွန်မတို့ဆီမှာ သုံးကြလား ကျွန်မ မသိ။ ကျွန်မအိမ်မှာတော့ မရှိပါဘူး။ သူက ၈၆ ရာခိုင်နှုန်း စစ်ပေးနိုင်ပါတယ်တဲ့။

 

နောက်တစ်ဆင့်နိမ့်တာကတော့ သူတို့ဆီက ပန်းကန်သုတ်တဲ့ ပဝါ (Dish Towel) တဲ့။ ကျွန်မတို့ဆီက ချည်ကြမ်းပဝါတွေနဲ့ မတူလောက်ဘူး ထင်တယ်။ ချည်ကြမ်းပဝါတွေက ချည်ကြီးကြီးကို ခပ်ကျဲကျဲရက်ထား တာမို့ပါ။ တကယ်တော့ စိပ်စိပ်လေး ရက်တာ ပိုစိတ်ချရမှာပါ။ စစ်ပေးနိုင်မှုကတော့ ၇၃ ရာခိုင်နှုန်းတဲ့။

 

နောက်တစ်ဆင့်နိမ့်က Cotton Blend Cloth လို့ ပြောပါတယ်။ အကောင်းစား ချည်အိပ်ရာဖုံးအစ။ ၇၀ ရာခိုင်နှုန်းတဲ့။ နောက်တစ်ဆင့် နိမ့်ကပိုးသတ်ထားတဲ့ Antimicrobial ခေါင်းအုံးစွပ်အစမျိုး၊ စစ်ပေးနိုင်စွမ်း၆၈ ရာခိုင်နှုန်းတဲ့။ နောက်တစ်ဆင့် နိမ့်တာက လီနင်သားအစတဲ့။ ၆၂ ရာခိုင်နှုန်းတဲ့။

 

ပြီးတော့ ရိုးရိုးခေါင်းအုံးစွပ် အသား။ ဒါကတော့ ၅၇ ရာခိုင်နှုန်း စစ်ပေးပါတယ်တဲ့။ နောက်တစ်ဆင့် နိမ့်တာက ပိုးစသူကတော့ ၅၄ ရာခိုင် နှုန်း၊ နောက်တစ်ဆင့်က ၁၀၀ ရာနှုန်း ချည်စစ်စစ် သူကတော့ ၅၁ ရာခိုင်နှုန်း စစ်ပေးနိုင်တယ်တဲ့။ နောက်ဆုံး အဆင့်ကတော့ လည်စီး ပဝါစ (Scarf) သူကတော့ ၄၉ ရာခိုင်နှုန်းစစ်ပေးနိုင်ပါ တယ်တဲ့။ ကပ်ဘေးဆိုင်ရာ ဆေးပညာနဲ့ ပြည်သူ့ကျန်းမာအဖွဲ့ (Disaster Medicine and Public Health Preparedness (Cambridge University) ရဲ့ ညွှန်းဆိုမှုအရ ပြောရင်လည်း ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း ပြီးရင် ဖုန်စုပ်စက်မှာသုံးတဲ့ အိတ်အစ။ ချည်စိပ်စိပ် အိပ်ရာဖုံးစွပ်စ၊ ပန်းကန်သုတ်တဲ့အဝတ်စနဲ့ ၁၀၀ ရာနှုန်းပြည့် ချည်စစ်စစ် ရှပ်အင်္ကျီစတွေက အကောင်းဆုံးပါလို့ ပြောပါတယ်။ လည်စီးပဝါသား အစကလွဲရင် အားလုံးက စစ်ပေးနိုင်စွမ်း ၅၀ ရာနှုန်းတော့ ကျော်တာချည်းပါပဲ။

 

ပြီးတော့ လုပ်ပုံလုပ်နည်းနဲ့ အဝတ်စကိုက်ဖြတ်ဖို့ နမူနာ Template ကို ပြပေးပါတယ်။ တစ်လွှာတည်း မရပါဘူး။ နှစ်လွှာ ထပ်ရမှာပါတဲ့။ အဝတ်စကို အရောင် မတူတဲ့နှစ်စရွေးဖို့ပါ။ ဒါမှ ဘယ်ဟာ က အတွင်း၊ ဘယ်ဟာက အပြင် ဆိုတာမှတ်မိမှာပါ။ ခေါင်းနောက်ထိ ဆွဲချည်ဖို့ ကြိုးအဖြစ်တော့ အီလတ်စ်တစ် အသားတစ်စကို ထပ်ရွေးရမှာဖြစ်ပါတယ်။ ဒီတော့ စုစုပေါင်း အဝတ်စ သုံးစ လိုအပ်ပါတယ်။

 

mdn

 

ပုံစံနမူနာနဲ့ ချုပ်ကြည့်ဖို့ သူတို့ ပြပေးထားပါတယ်။

 

နှာခေါင်းစည်း တပ်ပြီးတာနဲ့ လုံခြုံပြီလို့ မှားယွင်းစွာ ယူဆပြီး ပေါ့ဆသွားမှာကို သူတို့သိပ်စိုးရိမ် ပါတယ်။ နှာခေါင်းစည်းက ရာနှုန်းပြည့် အာမခံလို့ မရတာကြောင့် ကျွန်မတို့အနေနဲ့ အဓိကကာကွယ် နည်းအဖြစ် ၁ အပြင်မထွက်ဖို့၊ ၂အပြင်ကို ထွက်ခဲ့ရရင် တစ်ယောက် နဲ့ တစ်ယောက် သုံးပေအကွာခြားဖို့၊ ၃ လက်မဆေးရသေးခင်မှာ မိမိမျက်နှာကို မထိမိဖို့၊ ၄ လက်ကို ရေနဲ့ဆပ်ပြာသုံးပြီး စက္ကန့် ၂၀ အကြာ စနစ်တကျဆေးဖို့၊ အဲဒီနည်းတွေကို သုံးပြီး ကိုယ့်ကိုယ်ကိုရော ကိုယ့်အသိုင်းအဝိုင်းကိုပါ ကာကွယ် ကြရမယ်လို့ ပြောပါတယ်။