ပူတာအို ၁၂ ဇွန်
ကချင်ပြည်နယ် ပူတာအိုမြို့တွင် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်မှုအစီအစဉ်ဖြင့် မြို့နယ်အတွင်း Quarantine Centre များတွင် လုပ်အားပေးဆောင်ရွက်ပေးနေသော စေတနာ ဝန်ထမ်းများအတွက် စေတနာ့ဝန်ထမ်း ကျန်းမာရေးအသိပညာပေးဆင့်ပွားသင်တန်းကို ဇွန်လ ၁၁ ရက် နံနက် ၉ နာရီတွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ဖွင့်လှစ်ပို့ချသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်အဆင့်စေတနာ့ဝန်ထမ်းများ ပံ့ပိုးကူညီရေးအဖွဲ့ နာယက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးယောဆီနှင့် မြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်တို့က အဖွင့်အမှာစကားနှင့် အားပေးစကားများကို အသီးသီး ပြောကြားပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇင်ထွန်းက အဆိုပါသင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းတွင် ပူတာအိုမြို့နယ်အတွင်း Quarantine Centre များတွင် လုပ်အားပေးဆောင်ရွက် လျက်ရှိသည့် လူငယ်ရေးရာကော်မတီအသီးသီးမှ စေတနာ့ဝန်ထမ်း ၁၅ ဦးနှင့် ကြက်ခြေနီ ဝန်ထမ်း ၅ ဦးတို့ကို အမျိုးသားအဆင့် (TOT) သင်တန်းတက်ရောက်ပြီးခဲ့သော ကျန်းမာရေးဝန်ထမ်း ဦးတင်နိုင်ဝင်းက စေတနာ့ဝန်ထမ်း လက်စွဲစာအုပ်များကို အသုံးပြုလျက် ဆွေးနွေးပို့ချပေးခဲ့သည်။
ယင်းသင်တန်းသည် ပူတာအိုမြို့နယ်တွင် စေတနာ့ဝန်ထမ်းများ Quarantine Centre များတွင် ပိုမိုထိရောက်သော ပံ့ပိုးကူညီမှုများပေးနိုင်စေရန် ပထမအကြိမ်ဖွင့်လှစ်သောသင်တန်းဖြစ်ပြီး Covid-19 ရောဂါ တုံ့ပြန်ဆောင်ရွက်ရာတွင် စေတနာ့ဝန်ထမ်း (Volunteer) များ၏အခန်းကဏ္ဍ၊ စေတနာ့ ဝန်ထမ်းတာဝန်နှင့် လုပ်ငန်းလမ်းညွှန်၊ ပြောဆိုဆက်သွယ်ဆောင်ရွက်မှုဆိုင်ရာကျွမ်းကျင်မှု၊ စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးခြင်းစသည့် ဘာသာရပ်များကို တစ်ရက်သင်ကြား ပေးသွားမည် ဖြစ်ကြောင်း ပူတာအိုမြို့နယ် စေတနာ့ဝန်ထမ်းပံ့ပိုးကူညီ ရေးအဖွဲ့အတွင်းရေးမှူး ဦးစောနွဲ့နေအောင် ထံမှ သိရသည်။
ဆန်းညွန့်(ပူတာအို)