အင်္ဂပူမြို့နယ်တွင် ငါးရစ်ငါးသန်ကာလအတွင်း ငါးသယံဇာတ မပြုန်းတီးစေရေး ကွင်းဆင်းစစ်ဆေး

အင်္ဂပူ  ၃၀  ဇွန်

 

အင်္ဂပူမြို့နယ်တွင် ငါးရစ်ငါးသန်ကာလအတွင်း ငါးသယံဇာတ မပြုန်းတီးစေရေးအတွက် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အင်္ဂပူမြို့နယ် နောက်မီးချောင်းရိုး၌ ပြုလုပ်ခဲ့သည်။

 

အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်ငါးလုပ်ငန်းကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်နှင့် ကော်မတီဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲဝင်း၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မော်မော်ဝင်းနှင့် ဝန်ထမ်းများ၊ ရေသယံဇာတ၊ ငါးသယံဇာတ ထိန်းသိမ်းရေး ကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများပါဝင်သော အဖွဲ့များဖြင့် နောက်မီး ချောင်းရိုးအတွင်း ငါးရစ်ငါးသန်ကာလတွင်ငါးရစ်ငါးများလွတ်လပ်စွာ ဥချသားပေါက်နိုင်ရေး၊ နုနယ် လှသည့် ငါးသားပေါက်များရှင်သန်နိုင်ရေး ငါးရစ်ငါးများနှင့် ငါးသားပေါက်များ ဖမ်းဆီးမှု မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် ငါးရစ်ငါးသန်ရာသီချိန်အတွင်း ငါးရစ်ငါးများနှင့် ငါးသား ပေါက်များဖမ်းဆီးမှုမရှိစေရေး၊ လျှပ်စစ်ဓာတ်အား(ဘက်ထရီ)ကျဉ်စက်ဖြင့် ငါးဖမ်းခြင်း၊ ဓာတုဆေးချ ငါးဖမ်းခြင်းများ မပြုလုပ်စေရေးအတွက် တားမြစ်ကြော်ငြာဆိုင်းဘုတ်များ စိုက်ထူအသိပညာပေးခြင်း၊ အသိပေးခြင်းနှင့် သတိပေးခြင်းမှစ၍ အရေးယူဆောင်ရွက်ခြင်းအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများအား အသိပေး ရှင်းလင်းထားပြီးဖြစ်ကြောင်း မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံးမှ သိရသည်။

 

မန်းကျော်(ပြန်/ဆက်)