တောင်သာ ၂၄ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် သာယာအေးကျေးရွာတွင် ဇူလိုင် ၂၂ ရက်က ဦးအောင်တင်ဝင်းပိုင် ခြံဝင်းထဲတွင် နွားတင်ခုံပြုလုပ်ရန် မြေတူးရာမှ ရပ်တော်မူ သစ်သားဘုရားဆင်းတုတော် တစ်ဆူ တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ရှိခဲ့သည့် သစ်သားဘုရားဆင်းတုတော်အား ယမန်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်၊ တိုင်းဒေသကြီး ရှေးဟောင်းသုသေသန ညွှန်ကြားရေးမှူး ဦးမြင့်ဇော်နှင့်အဖွဲ့တို့က ကြည့်ရှုစစ်ဆေးခဲ့ပြီး ခန့်မှန်းနှစ်ပေါင်း (၁၅ဝ)ကျော်ရှိ ရတနာပုံခေတ်ဦး "ဝရဒမုခြာ" ရပ်တော်မူ ဆင်းတုတော်တစ်ဆူဖြစ်ကြောင်း သိရသည်။
အဆိုပါ ရပ်တော်မူ သစ်သားဘုရားဆင်းတုတော်မှာ ဉာဏ်တော်အမြင့် ၆ ပေ ၆ လက်မရှိပြီး ကျေးရွာရှိ ရွာလယ်ဓမ္မာရုံတွင် ပူဇော်ခံထားရှိကြောင်း သိရသည်။
ဥဩသံ(တောင်သာ)