အွန်လိုင်း အိုလံပစ် စစ်တုရင်ပြိုင်ပွဲ မြန်မာအသင်း ယ‌နေ့ယှဉ်ပြိုင်ကစားမည်

ရန်ကုန် ၃၀ ဇူလိုင်

 

ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်(FIDE)မှ ကြီးမှူးကျင်းပသည့် အွန်လိုင်း အိုလံပစ် (Online Olympiad) ၂၀၂၀ စစ်တုရင်ပြိုင်ပွဲ Division 4 အား ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၂ ရက်ထိ တစ်ရက်လျှင် သုံးပွဲနှုန်းဖြင့် စုစုပေါင်း ကိုးပွဲထိ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်‌ကြောင်း သိရသည်။

 

အခုလာမယ့်ပွဲကတော့ အရင်ပွဲနဲ့တော့ မတူတော့ပါဘူး၊ အကုန်လုံးကတော့ ခက်လာပြီပေါ့၊ ပထမအဆင့်ထက် စာရင်တော့ ပိုပြီးတော့ ခက်လာပြီလို့ဆိုရမှာပေါ့၊ မြန်မာအသင်းက အောင်ဖို့အခွင့်အရေးများပါတယ် ဟု စစ်တုရင်ကစားသမား IM ၀င်းဇော်ထွန်းက ပြောသည်။

 

ယင်းစစ်တုရင်ပြိုင်ပွဲ Division 4 တွင် ဘာရိန်း၊ နီပေါ၊ ကင်ညာ၊ ထိုင်း၊ တရုတ်(တိုင်ပေ)၊ ဟောင်ကောင်၊ မြန်မာ၊ ဘရူနိုင်း၊ တန်ဇန်နီးယား၊ မော်လ်ဒိုက်တို့ ထိပ်တိုက်တွေ့ဆုံလျက်ရှိကြောင်း မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်မှ သိရသည်။

 

ကိုဗစ်-၁၉ ဖြစ်ပွားနေမှုကြောင့် အွန်လိုင်းဖြင့် ကျင်းပရသည့် ကမ္ဘာ့စစ်တုရင် အိုလံပစ်ပြိုင်ပွဲအား follow chess အက်ပလီကေးရှင်းအား ဒေါင်းလုတ်ဆွဲ၍ FIDE Online Olympiad Division 4 Pool A အား ရွေးချယ်ကာ တိုက်ရိုက်(Live) ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ပြိုင်ပွဲ၀င် ၁၆၃ သင်းရှိသည့် အွန်လိုင်းစစ်တုရင် အိုလံပစ်ပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် အခြေခံအဆင့် Base Division တွင် ရလဒ်ကောင်းများရရှိကာ အသင်းကိုးသင်းစလုံးအား အနိုင်ရရှိပြီး အုပ်စုပထမဖြင့် Division 4 နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

 

ယင်း အွန်လိုင်းအိုလံပစ် (Online Olympiad) ၂၀၂၀ စစ်တုရင်ပြိုင်ပွဲကြီးအား ဇူလိုင် ၂၅ ရက်မှ သြဂုတ်လကုန်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်မှ သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ- အာကာစိုး