လေးမျက်နှာမြို့နယ်တွင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ရှေးဦးသူနာပြုစုခြင်း အခြေခံသင်တန်းများ ဖွင့်လှစ်သင်ကြား

လေးမျက်နှာ ၁ ဩဂုတ်

 

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် အမေရိကန်ကြက်ခြေနီ(USAID)၏ ကူညီပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ လေးမျက်နှာမြို့နယ် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးသူနာပြုစုခြင်း အခြေခံသင်တန်း (၁/၂၀၂၀)နှင့် (၂/၂၀၂၀) ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက လေးမျက်နှာမြို့ အမက (ကြည်တော်စု)ကျောင်းနှင့် အလက(စောပြာ) ကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

 

အဆိုပါ သင်တန်းဖွင့်ပွဲတွင် တိုင်းကြက်ခြေနီတပ်ဖွဲ့မှူး ဉီးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ကြက် ခြေနီတပ်ဖွဲ့မှူး ဉီးမိုးမြင့်ခိုင်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဉီးစိုးဝင်းတို့က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားရာတွင် "လူငယ်၊ လူရွယ်များ မွန်မြတ်သည့် ကြက်ခြေနီစိတ်ဓာတ်ဖြင့် လူထုအတွင်း အခြေခံရှေးဦးပြုစုခြင်းကို သိရှိနားလည်၍ ကူညီဆောင်ရွက်နိုင်စေရန်၊ မှန်ကန်သော ကျန်းမာရေးအယူအဆနှင့် ရှေးဦးပြုစုခြင်း အသိပညာအား မိမိမှတစ်ဆင့် လူအများသို့ လက်ဆင့်ကမ်းဆင့်ပွား ပြန်လည်မျှဝေနိုင်စေရန်၊ မိမိပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာသော အရေးပေါ်အခြေအနေများ၌ ကျွမ်းကျင်စွာ ကူညီပေးနိုင်ရန်၊ နိုင်ငံတော်မှ အားထားရသော ကြက်ခြေနီ စေတနာ့ဝန်ထမ်းများ ပေါ်ထွန်းလာစေရန်" ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

 

ထို့နောက် ဒု-မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်မြင့်ဦးက သင်တန်းတွင် သင်ကြားပို့ချမည့် စာတွေ့လက် တွေ့သင်ခန်းစာများနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး အဆိုပါသင်တန်းကို လေးမျက်နှာမြို့နယ်အတွင်းရှိ အ-လ-က(စောပြာ)ကျောင်းနှင့် အ-မ-က(ကြည်တော်စု)ကျောင်းတို့တွင် ဩဂုတ် ၁ ရက်မှ ၅ ရက်ထိ ငါးရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့် မူလတန်းပြ ဆရာ(၃၀)၊ ဆရာမ(၃၀)၊ စုစုပေါင်း ၆၀ တက်ရောက်သင်ကြားလျက်ရှိကြောင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဉီးဉာဏ်ဝင်းပိုင် ထံမှ သိရသည်။

 

 

ရွှေမိုး(လေးမျက်နှာ)