၂၀၂၀−၂၀၂၁ ပညာသင်နှစ် Grade-4 သင်ရိုးသစ် မြို့နယ်အဆင့် သင်တန်းကို ပုလောမြို့ ၌ ဒုတိယအကြိမ် ဖွင့်လှစ်

ပုလော  ၅  သြဂုတ်  

 

တနင်္သာရီ တိုင်းဒေသကြီး၊ ပုလောမြို့နယ် ၂၀၂၀−၂၀၂၁ ပညာသင်နှစ် Grade-4 သင်ရိုးသစ် မြို့နယ်အဆင့်သင်တန်း ဒုတိယအကြိမ် ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ပုလောမြို့ အမက (၇) ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

 

ဖွင့်ပွဲတွင် ပုလောမြို့နယ် ပညာရေးမှူး ဒေါ်လှလှအေး က အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူ လေးများကို ဗလငါးတန်ဖြင့် ဖွံ့ဖြိုးသော၊ ထိရောက်သော ဦးဆောင်မှု၊ ကျွမ်းကျင်သော စီမံခန့်ခွဲမှု၊ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် အတွေးအခေါ် အမြော်အမြင်ရှိသော လူငယ်လေးများ ဖြစ်လာစေရန် စနစ်တကျသင်ကြားပေးသော ဆရာ၊ဆရာမများ ဖြစ်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရ ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ အမက(၇) ကျောင်းအုပ် ဆရာမကြီး ဒေါ်တင်သန်း၀င်းက သင်တန်းသူ/သားများ လိုက်နာရမည့် စည်းကမ်း ချက်များကို  ဆွေးနွေးခဲ့သည်။

 

ပုလောမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၁၆၀ ရှိရာ ၂၀၂၀−၂၀၂၁ ပညာသင်နှစ် Grade-4 သင်ရိုးသစ် မြို့နယ်အဆင့် သင်တန်း(ပထမအကြိမ်)ကို  ဇွန် ၁၅ ရက်မှ ၂၁ ရက်ထိ ဆရာ/ဆရာမ ၈၆၁ ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး ဖြစ်ကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ် သင်တန်း တက် ရောက်နိုင်ခြင်း မရှိသော ဆရာ/ဆရာမ ၆၉ ဦး ကို နည်းပြ ၆ ဦး၊ ကြီးကြပ်(၃)ဦး ဖြင့် သြဂုတ် ၅ ရက် (၁၁) ရက်အထိ ဒုတိယ အကြိမ် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

 

အေးအေးမော် (ပုလော ပြန်/ဆက်)