မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

2+

 

 

 

 

 

 

 

နေပြည်တော် စက်တင်ဘာ ၁၃

မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်မာမာအေးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၃ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြ ခဲ့ပါသည်။ အဆိုပါဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

 

ချစ်ခင်လေးစားအပ်တဲ့ တိုင်းရင်းသားပြည်သူအပေါင်းတို့ရှင်၊ ကျက်သရေ မင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံခညောင်းပြီး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့်အတူ လိုအင်ဆန္ဒတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်ရှင့်။


ကျွန်မကတော့ ၂၀၂၀-ခုနှစ်၊ နိုဝင်ဘာ (၈) ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွ ေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမဲဆန္ဒနယ် အမှတ်(၁)မှ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေး ပါတီကိုယ်စားပြုအရွေးချယ်ခံ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်မာမာအေး ဖြစ်ပါတယ်ရှင့်။ ယခုလို မြန်မာ့အသံရေဒီယိုရုပ်မြင် သံကြားမှတစ်ဆင့် မိမိတို့ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီရဲ့ မူဝါဒရည်ရွယ် ချက် လုပ်ငန်းစဉ်သဘောထားများကို တင်ပြဟောပြောခွင့် ရရှိတဲ့အတွက် ပြည်ထောင်စုအစိုးရနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီကိုယ်စား အထူးပင်ကျေးဇူးတင်ပါ ကြောင်းနှင့် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါတယ်ရှင့်။


ရိုသေလေးစားအပ်တဲ့ တိုင်းရင်းသားပြည်သူအပေါင်းတို့ရှင့်။ မြိုတိုင်းရင်း သား ဖွံ့ဖြိုးရေးပါတီဟာ မြို(ခေါ်) ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့(ပါတီ)ကို ၂၀၁၅-ခု၊ ဇန်နဝါရီလ (၇)ရက်နေ့မှာ ပြောင်းလဲထားတဲ့ ပါတီဖြစ်ပါတယ်။


မြိုတိုင်းရင်းသားမျိုးနွယ်စုများမှာ နိုင်ငံရေးအသိပညာ ဗဟုသုတအားနည်းမှုကြောင့် ၁၉၇၃ခုနှစ် သန်းခေါင်စာရင်းမှာ မြိုလူမျိုး၊ ခမိလူမျိုးဟူ၍ လူမျိုးတစ်မျိုးတည်းက လူမျိုးနှစ်မျိုး ကွဲပြားသွားခဲ့ပါတယ်။ ၁၉၈၈-ခုနှစ် ပါတီစုံဒီမိုကရေစီ စနစ်ပေါ်ပေါက်လာတဲ့အခါ မြို(ခေါ်)ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့အမည်ဖြင့် ညီညွတ်ရေးကို စတင်တည်ဆောက် လာကြပါတယ်။ ထို့ကြောင့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းမှာ ခမိအမည်မှ မြိုအမည်သို့ ပြင်ဆင်ချက်နဲ့ ပူးပေါင်းခဲ့တဲ့အတွက် မြိုတိုင်းရင်း သား ဖွံ့ဖြိုးရေးပါတီအမည်ကို မြိုတိုင်းရင်းသားမျိုးနွယ်စုအားလုံးရဲ့ သဘော ဆန္ဒအရ ပါတီအမည်ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီဟာ ယခုအခါ ၁၉၈၈-ခု စတင်ဖွဲ့စည်းခဲ့တဲ့အတွက် ယခုဆိုရင် (၃၂)နှစ်အတွင်း ရောက်ရှိလာပြီဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော် မြို့နယ်၊ မြောက်ဦးမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပေါက်တောမြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် မီးချောင်းဒေသကိုပါ စည်းရုံးဖွဲ့စည်းထားတဲ့ မြိုတိုင်းရင်းသား မျိုးနွယ်စု ကိုယ်စားပြုတည်ထောင်ထားတဲ့ တိုင်းရင်းသားပါတီတစ်ခု ဖြစ်ပါတယ်။


၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ (၈)ရက်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဦးဆောင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ကျွန်မတို့ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီက ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ် မဲဆန္ဒနယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ မြောက်ဦးမဲဆန္ဒနယ်အမှတ်(၄)မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး၊ မြောက်ဦးမဲဆန္ဒနယ်အမှတ်(၂)မှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးနဲ့ ရန်ကုန်တိုင်း၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမဲဆန္ဒနယ်(၁)မှာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနဲ့ မင်္ဂလာဒုံမဲဆန္ဒနယ် (၁)မှာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ စုစုပေါင်း(၅)ဦး ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။


၁၉၉၀ ပြည့်နှစ်၊ ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ကျွန်မတို့ပါတီကိုယ်စားပြု ပါတီဥက္ကဋ္ဌ ဦးစံသာအောင်က အရွေးချယ်ခံ အနိုင်ရရှိခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်၊ ဇွန်လတွင် သမ္မတအိမ်တော်ဝန်းအတွင်း ကျင်းပပြုလုပ်တဲ့ အမျိုးသားညီလာခံကျင်းပရေးအတွက် အကြိုညှိနှိုင်း အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌ ဦးစံသာအောင်မှ တက်ရောက်အကြံပြုနိုင်ခဲ့ပါတယ်။ ၁၉၉၃-ခုနှစ်၊ စတင်ကျင်းပတဲ့ အမျိုးသားညီလာခံသို့ ပါတီကိုယ်စားပြု အရွေးချယ်ခံကိုယ်စားအဖြစ် ဦးစံသာအောင်နှင့်အတူ ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် (၅)ဦး တက်ရောက်ပြီး ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင် ပါဝင်ခဲ့ကြပါတယ်။


မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီက ယနေ့တိုင် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ဖြေရှင်းကျော်ဖြတ်ပြီး ကြံ့ကြံ့ခံလျက် ရိုးသားတည်ကြည်သစ္စာရှိစွာဖြင့် ရပ်တည်ပြီး အမျိုးသားနိုင်ငံရေးခရီးပန်းတိုင်ကို ဆက်လက်လျှောက်လှမ်းနေဆဲ ဖြစ်ပါ တယ်။ ငြိမ်းချမ်းမှုမရှိတဲ့အတွက် သတ်မှတ်နေရာနဲ့ အရေအတွက်အတိုင်း ရွေးကောက်ပွဲဝင်ရောက်နိုင်ခြင်း မရှိတဲ့အတွက် မြိုတိုင်းရင်းသားမျိုးနွယ်စုအားလုံးကို အနူးအညွတ် မေတ္တာရပ်ခံအပ်ပါတယ်။


ယနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှာ တိုင်းရင်းသား(၁၃၅)မျိုး စုပေါင်းနေထိုင်လျက်ရှိကြောင်း တွေ့ရှိရပါ တယ်။ တိုင်းရင်းသား (၁၃၅)မျိုးထဲမှာ (၁ဝဝဝဝ)အထက် လူမျိုး (၃၅)မျိုးသာရှိပြီး လူဦးရေ(၁ဝဝဝဝ)အောက်မှာ လူမျိုး ပေါင်း(၁ဝဝ)ခန့် ရှိနေတာဖြစ်ပါတယ်။ တိုင်းရင်းသားမျိုးနွယ်စုငယ်တွေဟာ တိုင်းရင်းသားပြည်နယ်တွေမှာ နေထိုင်ကြတာဖြစ်ပါတယ်။ ဖွံ့ဖြိုးမှုနည်းပါးခြင်း၊ အသိအမြင်ဗဟုသုတ အားနည်းချက်တွေကြောင့် ၎င်းတို့ရဲ့ လူမှုဘဝတွေ၊ ခံစားချက်မျှော်လင့်ချက်တွေ ဖော်ပြနိုင်တဲ့အခွင့်အရေး နည်းပါးနေကြပါတယ်။  မငြိမ်းချမ်းတဲ့ ဒေသတွေမှာ နေထိုင်ကြပြီးတော့ ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုတွေ ဘယ်လောက်ခံစားနေကြရတယ်ဆိုတာလည်း မသိနိုင်ပါဘူး။ ဒီမိုကရေစီဆိုတာ ငြိမ်းချမ်းတဲ့နိုင်ငံမှာသာ ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။


မြန်မာနိုင်ငံရဲ့ အနာဂတ်ပြည်ထောင်စု တိုင်းရင်းသားအားလုံးဟာ ပြည်ထောင်စုအတွင်းမှာ ရှိနေကြတဲ့ တိုင်းရင်းသားမျိုးနွယ်စုငယ်တွေကို တစ်မိသားစုတည်းက ပေါက်ပွားလာတဲ့ သား၊ သမီးရင်းများကဲ့သို့ ကြီးမားတဲ့ မေတ္တာကရုဏာတရားနဲ့ ကာကွယ်စောင့်ရှောက်ပေးကြဖို့ လိုအပ်ပါတယ်။


စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံတော်သစ် တည်ဆောက်ကြတဲ့အခါ မိမိတို့ရဲ့ ရင်နှစ်သည်းချာ သား၊သမီးတွေဖြစ်တဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ဘဝလုံခြုံရေး၊ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုတွေကို လုံးဝမပျောက်ပျက် ရအောင် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ အလေးအနက် တိုက်တွန်း အပ်ပါတယ်။
လေးစားအပ်ပါသော ပြည်ထောင်စုတိုင်းရင်းသား ပြည်သူအပေါင်းတို့ရှင်၊ ကျွန်မတို့ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေး ပါတီဟာ နိုင်ငံတော်အကျိုး၊ တိုင်းရင်းသား ပြည်သူများရဲ့ အကျိုးကို ရှေးရှုလျက် မူဝါဒ၊ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။


မူဝါဒ
၁။ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီသည် ဒို့တာဝန်အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာသည့် အမျိုးသားနိုင်ငံရေးကို ကျင့်သုံးမည်။


၂။ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီသည် စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ် နိုင်ငံတော် ပေါ်ပေါက်လာရေးကို တိုင်းရင်းသားပြည်သူများနှင့်အတူ လက်တွဲကြိုးပမ်းဖော်ဆောင်သော မူဝါဒကိုကျင့်သုံးမည်။


၃။ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီသည် ရည်မှန်းချက်တူညီပါက နိုင်ငံအကျိုး၊ ပြည်သူအကျိုးကို မျက်ခြည် ပြတ်မခံဘဲ မည်သည့်နိုင်ငံရေးပါတီ အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းဆောင်ရွက်သော မူဝါဒကို ကျင့်သုံးမည် ဖြစ်ပါတယ်။


ရည်မှန်းချက်
၁။ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်တစိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။

 

၂။ မိမိတို့ ကံကြမ္မာကို မိမိတို့ လွတ်လပ်စွာ ဖန်တီးနိုင်ရေးမှာ တိုင်းရင်းသားတို့၏ မွေးရာပါ တာဝန်ဖြစ်၍ ဦးလည်မသုန် ထမ်းရွက်ရန်။

 

၃။ တိုင်းရင်းသားများ၏ အခွင့် အရေးနှင့် တန်းတူရေးသည် စစ်မှန်သော ဒီမိုကရေစီ၏ အနှစ်သာရ ဖြစ်သည်ဟု ခံယူရန်။


၄။ စစ်မှန်သော ဒီမိုကရေစီထွန်းကားလာရေးနှင့် ဖက်ဒရယ်မူဘောင်တစ်ရပ် ပေါ်ပေါက်ကျင့်သုံးနိုင်ရေးကို ပူးပေါင်းဆောင်ရွက်ရန်။

 

၅။ ပင်လုံစိတ်ဓာတ်ကို အခြေခံသည့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အခိုင်အမာ တည်ဆောက်သွားရန်တို့ ဖြစ်သည်။

 

လုပ်ငန်းစဉ်များ

၁။ မိမိတို့ တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ထုံးတမ်းစဉ်လာ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များနှင့် စာပေများကို ဖော်ထုတ်ထိန်းသိမ်းနိုင်ရေး ကြိုးပမ်းသွားရန်။

 

၂။ မိမိတို့ မြိုတိုင်းရင်းသား မျိုးနွယ်စုတို့၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တစိုက်မတ်မတ် ဆောင်ရွက်သွားရန်။

 

၃။ အစဉ်တိုးတက်ပြောင်းလဲနေသော ခေတ်နှင့်အညီ လူနေမှုဘဝစွမ်းဆောင်ရည် မြင့်မားရေးအတွက် မိရိုးဖလာလုပ်ငန်းများကို ခေတ်မီနည်းပညာရပ်ဆိုင်ရာလုပ်ငန်းများ အစားထိုးပြုပြင်ပြောင်းလဲနိုင်ရေး ဆောင်ရွက်ရန်။


၄။ မိမိတို့ မြိုတိုင်းရင်းသားမျိုးနွယ်စုများ၏ လူမှုဘဝကို ပြည်ထောင်စု တိုင်းရင်းသားညီအစ်ကိုများ သိရှိနားလည်စေပြီး အချင်းချင်း ကူညီရိုင်းပင်းမှု၊ ချစ်ကြည်မှုရရှိစေရေး ကြိုးပမ်းရန်။

 

၅။ အမျိုးသမီးအခန်းကဏ္ဍ မြှင့်တင်ရန်နှင့် မျိုးဆက်သစ်လူငယ် ခေါင်းဆောင်များ မွေးထုတ်ရန် လူသားအရင်းအမြစ် ပေါ်ထွက်လာရေး လေ့ကျင့်ပျိုးထောင်ပေးရန်။ လေးစားအပ်ပါသော တိုင်းရင်းသား လုပ်သားပြည်သူအပေါင်းတို့ရှင်။ နိုင်ငံရေးပါတီတွေအားလုံးဟာ မိမိတို့ရဲ့ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်တွေချမှတ်ပြီး နိုင်ငံနဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေအတွက် ကျရာတာဝန်မှ ဆောင်ရွက်နေကြတာဟာ သမိုင်းပေးတာဝန်ကို ကျေပွန်အောင် ထမ်းရွက်နေကြတာ ဖြစ်ပါတယ်။


၂၀၂၀ခုနှစ်၊ နိုဝင်ဘာ(၈)ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ကျွန်မတို့ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ အပါအဝင် ပါတီပေါင်း(၉၂)ပါတီ ဝင်ရောက်အရွေးခံကြမည်ကို သိရှိထားကြပါတယ်။
ကျွန်မတို့ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီရဲ့ အထိမ်းအမှတ် သင်္ကေတကတော့ ငှက်တော်ဖြစ်ပါတယ်။ ရှေးရိုးရာပုံပြင်အရ ငှက်တော်ဟာ ဘေးအန္တရာယ်ကင်းရှင်းခြင်း၊ ခေါင်းဆောင်ပီသခြင်း၊ စည်းလုံး ညီညွတ်ခြင်း၊ ရိုးသားခြင်း၊ သစ္စာရှိခြင်း၊ သီလ၊ သိက္ခာ၊ သမာဓိနှင့် ပြည့်စုံခြင်းကို ဖော်ညွှန်းပါတယ်။


နိဂုံးချုပ်အနေနဲ့ကတော့ မြိုတိုင်းရင်းသားမျိုးနွယ်စု အားလုံးကလည်း အနာဂတ်ဒီမိုကရေစီဖက်ဒရယ် နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ သစ္စာ ရှိတဲ့ တိုင်းရင်းသားလူမျိုးတစ်မျိုးအဖြစ် အုတ်တစ်ချပ်၊ သဲတစ်ပွင့် ပါဝင်နိုင် အောင် ကြိုးပမ်းသွားမှာဖြစ်ကြောင်း ကတိစကားပြောကြားလိုပါတယ်။


ပြည်ထောင်စုဖွားတိုင်းရင်းသား ပြည်သူအားလုံး ဘေးရန်ကင်းရှင်းပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပါစေ ကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင့်။

မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ