ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် ၂၄ စက်တင်ဘာ

ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual   စနစ်ဖြင့် ကျင်းပသည်။

ရှေးဉီးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က ယနေ့ကျင်းပသည့် ဆွေးနွေးပွဲသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့ ရက်စွဲပါ အမိန့်အမှတ် (၆၃/၂၀၂၀) နှင့်စပ်လျဉ်းပြီး ရှင်းလင်းမည့် ဆွေးနွေးပွဲဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် မူပိုင်ခွင့်စနစ်တစ်ရပ် ထူထောင်ရာ၌ နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ကိုက်ညီရန် လိုအပ်သကဲ့သို့ မိမိနိုင်ငံ၏ လက်ရှိဖြစ်တည်နေသော နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စသည့် အခြေအနေများနှင့် လိုက်လျောညီထွေရှိသည့် စနစ်တစ်ခုဖြစ် ရန်လိုအပ်ကြောင်း။

ထို့ကြောင့် မူပိုင်ခွင့် ဥပဒေ () ရပ်ကို အကောင်အထည်ဖော်ရာတွင် ဥပဒေတစ်ခု ပြီးမှတစ်ခု အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ကြုံတွေ့ရမည့် အခက်အခဲများကို လျော့နည်းစေနိုင်ပြီး လူ့စွမ်းအားအရင်း အမြစ်နိုင်နင်းမှုနှင့် ကြုံတွေ့နိုင်သည့် နည်းပညာအခက်အခဲများကို ကျော်လွှားနိုင်မှုစသည့် အကျိုးကျေးဇူးများစွာကို ရရှိစေမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို ဦးစွာအကောင်အထည်ဖော်မည်ဖြစ်ပြီး၊ ယင်းနောက် စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင် ခွင့်ဥပဒေနှင့် ဒေသဆိုင်ရာ အညွှန်းအကာအကွယ်ပေးခြင်း (Geographical Indications) တို့ကို အဆင့်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်မှန်းထားပါကြောင်း။

ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ပထမဦးစွာ လက်ရှိကျင့်သုံးနေသော ဦးစွာအသုံးပြုသူကို အခွင့်အရေးပေးသောစနစ် (First to Use System) မှ ဦးစွာလျှောက်ထားသူကို အခွင့်အရေးပေးသောစနစ် (First to File System) သို့ ပြောင်းလဲကျင့်သုံးမည်ဖြစ်ကြောင်း၊ ထို့သို့ ကူးပြောင်းရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ကုန်အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းများအား ကြိုတင်လက်ခံခြင်း ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာန၏ အမိန့်အမှတ် (၆၃/၂၀၂၀) ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ အမိန့်စာအရ ကုန်အမှတ် တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းများအား ကြိုတင်လက်ခံခြင်းများကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစတင်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အများပြည်သူသိရှိနိုင်စေရန်အတွက် ယနေ့ဆွေးနွေးပွဲကျင်းပရခြင်း ဖြစ်ကြောင်း၊  ကုန်အမှတ် တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းများကို ကြိုတင်လက်ခံမည့် စနစ်အား ရှင်းလင်းတင်ပြသွားမည် ဖြစ်သောကြောင့်  တက်ရောက်လာကြသည့် ဧည့်သည်တော်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ မူပိုင်ခွင့်နှင့်စပ်လျဉ်းသည့် အသုံးပြုမည့်သူများအနေဖြင့် တက်ကြွစွာ ပါဝင်ဆွေးနွေးပေးကြရန် ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဉီးအောင်ထူးက မြန်မာနိုင်ငံတွင် မူပိုင်ခွင့်စနစ်အား လက်ရှိအချိန်ထိ ကျင့်သုံးဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် မူပိုင်ခွင့်ပဒေများကို နိုင်ငံတကာ၏ မူပိုင်ခွင့်ပဒေများကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (WIPO) ၏ လုပ်ထုံးလုပ်နည်း များစသည့် အလေ့အကျင့်ကောင်းများနှင့်အညီ ရေးဆွဲပြဋ္ဌာန်းခဲ့ပါကြောင်း၊ ယခင်က မြန်မာနိုင်ငံ၏ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းကို စာချုပ်စာတမ်းများ မှတ်ပုံတင်ပဒေ (Registration Act) ဖြင့်သာ မှတ်ပုံတင်ခဲ့ရကြောင်း၊ ယခုအခါတွင် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ပဒေ ပြဋ္ဌာန်းပြီးဖြစ်သဖြင့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ပဒေနှင့် အညီမှတ်ပုံတင်ရတော့မည် ဖြစ်ကြောင်း

ယခုအသုံးပြုမည့် စနစ်သည်လည်း စာရွက်စာတမ်းများဖြင့် လျောက်ထားခြင်းသာမက ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (WIPO) ၏ WIPO File စနစ်ကို အသုံးပြုမည်ဖြစ်သဖြင့် ကုန်အမှတ်တံဆိပ် မှတ်ပုံတင်စနစ်သည် ယခုကဲ့သို့သော Covid ကာလတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူမှု (Ease of Doing Business) ကိုလည်း အထောက်အကူပြု စေမည်ဖြစ်ကြောင်း၊ မူပိုင်ခွင့်မှတ်ပုံတင်ခြင်းအတွက် အခကြေးငွေများကိုလည်း ဘဏ်မှတစ်ဆင့် Mobile Banking ဖြင့် ပေးချေနိုင်ရန် စီစဉ်ဆောင်ရွက် ထားပါကြောင်း၊ မူပိုင်ခွင့်ပဒေများ အကောင်အထည်ဖော်ရာတွင် ကူညီပေးခဲ့သော ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (WIPO)၊ ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (JICA)၊ ဂျပန်မူပိုင်ခွင့်ရုံး (JPO)၊ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) နှင့် အမေရိကန်မူပိုင်ခွင့်ရုံး (USPTO) တို့ကိုလည်း ကျေးဇူးတင်ပါကြောင်း၊ ဆက်လက်ပြီး မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ရာတွင် မှတ်ပုံတင်လျှောက်ထားခြင်းကို ဝန်ဆောင်မှုအဖြစ် ဆောင်ရွက်နေသော လုပ်ငန်း၊ ကုမ္ပဏီနှင့် ဥပဒေအကျိုးဆောင်အဖွဲ့ (Law Firm) များမှတစ်ဆင့် လျှောက်ထားနိုင်သကဲ့သို့ တစ်ဉီးချင်းလည်း ဆောင်ရွက်နိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းရှင်များအတွက်လည်း MSME ဌာနနှင့် မူပိုင်ခွင့်ဌာနတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံတွင် ရှိပြီးဖြစ်သည့် IP Community အနေဖြင့် မူပိုင်ခွင့်ဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေး စေလိုကြောင်း၊ သို့မှသာ မြန်မာနိုင်ငံတွင် မူပိုင်ခွင့်စနစ်တစ်ရပ် ပေါ်ပေါက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် မူပိုင်ခွင့်ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၉၃၊ ပုဒ်မခွဲ (က)တွင် ဖော်ပြထားသည့်အတိုင်း စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ်များနှင့်  မှတ်ပုံမတင်ထားသော်လည်း စျေးကွက်အတွင်းတွင် အမှန်တကယ်အသုံးပြုနေသော အမှတ်တံဆိပ်များသည် မူပိုင်ခွင့်ဌာနသို့ ပြန်လည်လျှောက်ထားရမည် ဖြစ်ပါကြောင်း၊ ပထမအဆင့်အနေဖြင့် ကုန်အမှတ်တံဆိပ်ပိုင်ရှင်များသည် မှတ်ပုံတင်လျှောက်ထားခြင်းကို ဝန်ဆောင်မှုအဖြစ်ဆောင်ရွက်နေသော လုပ်ငန်း၊ ကုမ္ပဏီနှင့် ဥပဒေအကျိုးဆောင်အဖွဲ့များမှတစ်ဆင့် လျှောက်ထားရမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် အမှတ်တံဆိပ်ပိုင်ရှင်များသည် မိမိတို့ ကိုယ်တိုင် မူပိုင်ခွင့်ဌာနသို့ တိုက်ရိုက်ဖြစ်စေ၊ အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားခြင်းကို ဝန်ဆောင်မှုအဖြစ် ဆောင်ရွက်နေသော လုပ်ငန်း၊ ကုမ္ပဏီနှင့် ဥပဒေအကျိုးဆောင်အဖွဲ့များမှ တစ်ဆင့်ဖြစ်စေ လျှောက်ထားနိုင်မည် ဖြစ်ပါကြောင်း၊ ပထမအဆင့်တွင် လျှောက်ထားသူများနှင့် ဒုတိယအဆင့်တွင် လျှောက်ထားသူများအနေဖြင့် တူညီသည့် အခွင့်အရေးများကို ခံစားရမည် ဖြစ်ပါကြောင်း၊ အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်း အပါအဝင် ယင်းနှင့်သက်ဆိုင်သည့် အခြားအခကြေးငွေများ၊ အဆိုပါ အခကြေးငွေများ ပေးဆောင်ရမည့် သတ်မှတ်ချက်နည်းလမ်းများကိုလည်း ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်ကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်ခြင်းမပြုမီ သီးခြား ထုတ်ပြန်ကြေညာသွားမည် ဖြစ်ပါကြောင်း၊ ပုဒ်မခွဲ(က) နှင့် အကျုံးမဝင်သော အမှတ်တံဆိပ်များ အနေဖြင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဉပဒေ အာဏာတည်ပြီးနောက် အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားခြင်းအား တရားဝင် စတင်လက်ခံသည့် နေ့ရက်မှစ၍ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျှောက်ထားနိုင်မည် ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်ခန့်အပ်လွှာနှင့် စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၁ ရက်တွင် စတင်လျှောက်ထားမည့် WIPO File စနစ်ဖြင့် လျှောက်ထားခြင်းတွင် ထည့်သွင်းဖော်ပြရန် မလိုအပ်သေးပါကြောင်း ရှင်းလင်းပြောကြားပြီး WIPO File Account လျှောက်ထားခြင်းဆိုင်ရာ အချက်အလက်များကို ဆွေးနွေးသည်။

ယင်းနောက် သက်ဆိုင်ရာအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပဒေ အကျိုးဆောင်များမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်