လူငယ်ရေးရာမူဝါဒဆိုင်ရာ မဟာဗျူဟာစီမံချက်အရ ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှု လုပ်ငန်းစီမံချက် ရေးဆွဲအကောင်အထည်ဖော်ရေး ညှိနှိုင်းဆွေးနွေး

နေပြည်တော်   ၃၀  စက်တင်ဘာ

 

လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) အပေါ် ဦးစားပေးလုပ်ငန်း အစီအစဉ်ဖြစ်သည့် ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှုဆိုင်ရာ လုပ်ငန်းစီမံချက်ရေးဆွဲရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံလူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူများနှင့် UNFPA Myanmar မှ ကိုယ်စားလှယ်တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လူငယ်ရေးရာမူဝါဒကို ပြဋ္ဌာန်းနိုင်ခဲ့ပြီး လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ကို ဩဂုတ် ၂၀ ရက်တွင် အတည်ပြုနိုင်ခဲ့ပါကြောင်း၊ မူဝါဒပါ အဓိကဏ္ဍ (၁၆)ရပ်အနက် ပြည်သူ့နီတိနှင့် နိုင်ငံ့သားကောင်းဖြစ်မှုကဏ္ဍကို ဦးစားပေးအကောင်အထည်ဖော်ရန် ရွေးချယ်ထား ရှိပါကြောင်း၊ ယင်းကဏ္ဍတွင် လူ့အခွင့်အရေး၏တန်ဖိုးများ၊ ဒီမိုကရေစီစံနှုန်းများနှင့်  ဖက်ဒရယ်သဘောတရားများ ကို လူငယ်များ နားလည်၊ ကျင့်သုံးနိုင်စေရေး အားပေးမြှင့်တင်ရန်၊  နိုင်ငံ့သားကောင်းလူငယ်များ ဖြစ်လာစေရေး အတွက် လေ့ကျင့်ပျိုး‌ထောင်သည့် အစီအစဉ်များအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ လူငယ်များ၏ စေတနာ့ ဝန်ထမ်းနှင့် ပရဟိတစိတ်ဓာတ်ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးရန်၊ အထောက်အကူပေးရန်နှင့် ဝန်ထမ်းလူငယ်များကို ထိုက်သင့်သောလစာ၊ စွမ်းရည်မြှင့်တင်မှုအစီအစဉ်များနှင့် အကျိုးခံစားခွင့်ရရှိစေပြီးအလုပ်ကို ဂုဏ်ယူ မြတ်နိုးစိတ်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှု၊ စိတ်ဓာတ်များ ပျိုးထောင်မြှင့်တင်ပေးခြင်းဖြင့် အဂတိလိုက်စားမှုများကို ဆန့်ကျင်တိုက်ဖျက်ရန်စသော လုပ်ငန်းအစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

 

လူငယ်များ၏ စေတနာ့ဝန်ထမ်းနှင့် ပရဟိတစိတ်ဓာတ်ဖွံ့ဖြိုးမှုသည် လက်ရှိတွင်လည်း အခြေအနေတစ်ရပ်ကို ရရှိနေပြီဖြစ်ပြီး လူငယ်များအားလုံး ပါဝင်လာရန်  လိုအပ်နေပါသေးကြောင်း၊ ပံ့ပိုးကူညီမှုများလည်းပြုရမည် ဖြစ်ကြောင်း၊  မြန်မာနိုင်ငံလူငယ်ရေးရာ လူငယ်မူဝါဒအရ လူငယ်ဝန်ထမ်းများလည်း အကျုံးဝင်ပါကြောင်း၊ ဝန်ကြီးဌာနများရှိ လူငယ်ဝန်ထမ်များ၏ ရိုးသားမှု၊ ကြိုးစားမှုနှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးသကဲ့သို့ တာဝန်ခံမှု၊ တာဝန်ယူမှု စိတ်ဓာတ်များကိုလည်း မြှင့်တင်ပေးခြင်းဖြင့် အဂတိလိုက်စားမှုများကို ဆန့်ကျင်တိုက်ဖျက် နိုင်မည်ဖြစ်ကြောင်း၊ ရသင့်သည့်အခွင့်အရေးများကိုလည်း အပြည့်အဝ ရရှိစေရန် လိုအပ်ကြောင်း၊ အနာဂတ်အတွက် အမွေကောင်းများကိုခံယူခြင်း ဆက်လက်လက်ဆင့်ကမ်း ပေးနိုင်ခြင်းများရရှိရန် ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ယခု ကိုဗစ်-၁၉ ကာလတွင် ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်းများကို ကျေပွန်အောင် ထမ်းဆောင်ရမည်ဖြစ်၍ လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် နှောင့်နှေးကြန့်ကြာခြင်း မရှိစေရန် ကိုဗစ်-၁၉ နှင့်ယှဉ်တွဲပြီး အစီအစဉ်များကို ချမှတ်ထားရှိရန် လိုအပ်ကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ဆက်စပ်ဝန်ကြီးဌာနများ၊ လူမှုအဖွဲ့အစည်းများ၊ ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ လူငယ်များအားလုံးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း၊ ယခုကဲ့သို့ COVID–19 ရောဂါပြန့်နှံ့မှု ဖြစ်ပွားဆဲကာလတွင် မိမိတို့နေအိမ်မှ ပါဝင်ဆောင်ရွက်နိုင်မည့် အစီအစဉ်များကို ဦးစားပေး ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ရာ နည်းပညာအပါအဝင် ပူးပေါင်းဆောင်ရွက်ရမည့် လိုအပ်ချက်များနှင့်ပတ်သက်၍ ဆွေးနွေးကြရန် တိုက်တွန်း ပြောကြားသည်။

 


ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပြည်သူ့နီတိနှင့် နိုင်ငံ့သားကောင်းဖြစ်မှု ကဏ္ဍနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများ၊ ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများနှင့် ဘဏ္ဍာငွေလျာထားမှုများကို တင်ပြဆွေးနွေးသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးက ယနေ့အစည်းအဝေးတွင် လူငယ်ရေးရာ မူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် ၂၀၂၀-၂၀၂၄ အပေါ် လုပ်ငန်းစီမံချက်ရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေအရ Online စနစ်ဖြင့် ဆောင်ရွက်ရာတွင် ပိုမိုအကျိုးရှိ ထိရောက်မည့် နည်းလမ်းများဖော်ထုတ်ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ချိတ်ဆက်ဆောင်ရွက်ရမည့်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ဆက်လက်ဆွေးနွေး ညှိနှိုင်းရန်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် UNFPA Myanmar တာဝန်ရှိ သူများက လူငယ်ရေးရာ ကော်မတီဝင်များ၊ လူငယ်များနှင့်အတူ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်း ဆွေးနွေးညှိနှိုင်းမည့် အစီအစဉ်များ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ အမေးအဖြေကဏ္ဍများ၊ Application ရေးဆွဲဆောင်ရွက်ထားရှိမှုများနှင့် ဦးစားပေး အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ဦးစားပေးအစီအစဉ်များအလိုက် အွန်လိုင်းစနစ်ဖြင့် စနစ်တကျ အချိန်ကာလသတ်မှတ်၍ နှောင့်နှေးကြန့်ကြာခြင်း မရှိဘဲ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်