၀မ်းတွင်းမြို့နယ်၌ ၂၂ ဘီးတွဲယာဉ်တိမ်းမှောက်ခဲ့ကာ လူများအားဝင်တိုက်မိပြီး လေးဦးသေ၊ ကိုးဦးဒဏ်ရာရ

မိတ္ထီလာ ၁၃  အောက်တိုဘာ

ဝမ်းတွင်းမြို့နယ် ဒိုင်ကောင်းကုန်းကျေးရွာအနီး၌ အောက်တိုဘာ ၁၁ ရက်နေ့က စားဆီများ တင်ဆောင်လာသည့် ၂၂ ဘီး တွဲယာဉ်တစ်စီး ဂျွိုင်းဆက်ပြုတ်၍ လမ်း၏ဝဲဘက်သို့ တိမ်းမှောက်ခဲ့ပြီး ရပ်နားနေကြသည့် လူများအားတိုက်မိရာ လေးဦးသေပြီး ကိုးဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေး လမ်းမကြီး မိုင်တိုင်အမှတ် (၃၆၅/၄၀ နှင့် (၃၆၅/၅)အကြား ဒိုင်ကောင်းကုန်းကျေးရွာအနီး ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ စားဆီများ တင်ဆောင်ပြီး ယာဉ်မောင် ကိုတင်မောင်ဝင်း မောင်းနှင်ကာ ကိုမြင့်စိုး၊ ဦးကေသရ၊ ဦးကုသလာစရာတို့ စီးနင်းလိုက်ပါလာသော ၂၂ ဘီးတွဲယာဉ်မှာ ဂျွိုင်းဆက်ပြုတ်ပြီး ယာဉ်မှာ လမ်း၏ဝဲဘက်ခြမ်းသို့ လဲကျတိမ်းမှောက်ပြီး လမ်း၏ဝဲဘက်ခြမ်းရှိ အပင်အောက်တွင် ရပ်နားနေကြသော လူများအား ဝင်ရောက်တိုက်မိသဖြင့် မောင်သိဒ္ဒိ၊ ကိုချစ်သူမောင်၊ မလင်းလင်းနှင့် ၆ နှစ်အရွယ်ကလေးတို့ ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။ ထို့အပြင်  ဦးကေသရ အပါအဝင် ကိုးဦးမှာ ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေတောင်နယ်မြေရဲစခန်းက တင်မောင်ဝင်းအား အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

သိန်းမြင့်ကျော်( မိတ္ထီလာ )