(၁၀၅) ကြိမ်မြောက် ရွှေဘိုမြို့လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော်တွင် မီးပုံးပျံပြိုင်ပွဲများဖြင့် စည်ကားစွာ ကျင်းပမည်

ဘို ၅ နိုဝင်ဘာ

 

(၁၀၅) ကြိမ်မြောက် ရွှေဘိုမြို့လုံးဆိုင်ရာ  မဟာဘုံကထိန်ပွဲတော်ကို  နိုဝင်ဘာ ၈ ရက်မှ တန်ဆောင်မုန်းလပြည့်၊  နိုဝင်ဘာ ၁၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး၊ ဉတ်မကြီးနှင့်တကွ မြို့လုံးကျွတ် လှူဒါန်းပူဇော်ဖွယ်များကို တစ်ခမ်းတစ်နား ခင်းကျင်းပြသထားမည်ဖြစ်ပြီး၊ ညပိုင်းတွင် ဖျော်ဖြေရေးအစီအစဉ်များ၊ ရပ်ကွက်အလိုက် မီးပုံးပျံပြိုင်ပွဲများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ရွှေဘိုမြို့လုံးဆိုင်ရာ ပွဲတော်ကျင်းပရေး ကော်မတီအဖွဲ့ဝင် ဦးထိန်လင်းသူထံမှ သိရသည်။

 

ရွှေဘိုမြို့လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ဇနီး ဒေါ်တင့်တင့် မိသားစု ကထိန်မဏ္ဍပ်(၁)ခု၊ ဌာနဆိုင်ရာများ ကထိန်မဏ္ဍပ် (၂၅) ခု၊ ဉတ်မကြီး ကထိန်မဏ္ဍပ်(၁) ခု၊ မြို့ပေါ်ရပ်ကွက်နှင့် လူမူရေးအသင်းအဖွဲ့အစည်းများ ကထိန်မဏ္ဍပ်(၃၄) ခု၊ စုစုပေါင်းကထိန်မဏ္ဍပ်( ၆၁) ခု ကို ရွှေဘိုမြို့  အောင်ဇေယျ လမ်းမကြီး တလျှောက်  နိုဝင်ဘာ ၈ ရက်နေ့မှစတင်ပြီး ကြည်ညိုဖွယ်ဖြစ်အောင် ခင်းကျင်းပြသ ထားမည်ဖြစ်ကာ၊ ယင်းနေ့ နံနက်ပိုင်းတွင် ရွှေဘိုမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင် အထက်တန်း ကျောင်းများမှ ပဒေသာပင်များ လှည့်လည်ပို့ဆောင်ပြီး၊ နေ့လည်ပိုင်းတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ပဒေသာပင်များကို လှည့်လည်ပို့ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့နောက် နိုဝင်ဘာ ၉ ရက်နှင့် နိုဝင်ဘာ ၁၀ ရက်တွင် နှစ်ညတိုင်တိုင် ရွှေဘိုမြို့အမှတ်(၃) ရပ်ကွက်ရှိ ရန်ကြီးအောင်အားကစားကွင်းအတွင်း၌ မြို့ပေါ်(၁၀)ရပ်ကွက်များမှ ရပ်ကွက်အလိုက် မီးပုံးပျံပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ကာ၊ လမ်းလယ်ဘုရားဇာတ်ရုံတွင်မျိုးဆက်သစ် "ရဲခိုင်" ဇာတ်ဖြင့် ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ နိုဝင်ဘာ ၁၁ ရက်တွင် ဉတ်ကြီး သင်္ကန်းကုသိုလ်ရှင်များဖြစ်သည့် စည်ပင်သာယာ မြို့မဈေးကြီး၊ အတွင်း/ အပြင် နှင့် ရုံအမှတ် ၁၊ ၂၊ ၃၊၄၊ ၉၊ ၁၀ မှ ဈေးသူ ဈေးသားများ၏ ဉ တ်မကြီး မဲကျရာ ဝေဠုဝန်တိုက်ဟောင်းကျောင်းတိုက်သို့ ဆက်ကပ်လှူဒါန်း၍ မြို့လုံးဆိုင်ရာ မဟာဘုံ ကထိန် ရေစက်ချ အခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပွဲတော်ကျင်းပရေး ကော်မတီ အတွင်းရေးမှူး ဦးသန်းအောင် က ပြောကြားသည်။

 

မိုးသောက်(ရွှေဘို)