(၁၁) ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် အစားထိုးလက်ခံကျင်းပမည်

ရန်ကုန်   ဖေဖော်ဝါရီ   ၃

အာဆီယံ မသန်စွမ်းအားကစားအဖွဲ့ချုပ်သည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖျက်သိမ်းခဲ့ရသည့် (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ၌ ပြောင်းလဲကျင်းပရန် ဆုံးဖြတ်ခဲ့သည်။

ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရထားသည့် ဆီးဂိမ်းပြိုင်ပွဲနှင့် အာဆီယံ မသန်စွမ်းအားကစား ပြိုင်ပွဲကို သတ်မှတ်ရက်များတွင် မကျင်းပနိုင်ဘဲ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ၂၀၂၂ ခုနှစ်သို့ ရွှေ့ဆိုင်းခဲ့ရသည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် ရွှေ့ဆိုင်းခဲ့ရသည့် ပြိုင်ပွဲများအနက် ဆီးဂိမ်းပြိုင်ပွဲကိုသာ ၂၀၂၂ ခုနှစ် မေလတွင် ပြန်လည်ကျင်းပရန် ဆုံးဖြတ်ခဲ့ပြီး အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့သဖြင့် အင်ဒိုနီးရှားနိုင်ငံက အစားထိုးကျင်းပခြင်းဖြစ်သည်။

အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို ကိုဗစ်-၁၉ ရောဂါကြောင့် ၂၀၁၉ ခုနှစ်ကလည်း ကျင်းပနိုင်ခြင်း မရှိဘဲ ဖျက်သိမ်းခဲ့ရသလို ဗီယက်နမ်နိုင်ငံကလည်း ၂၀၂၁ ပြိုင်ပွဲကို ထပ်မံဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့သဖြင့် အာဆီယံမသန်စွမ်းအားကစားအဖွဲ့ချုပ်အနေဖြင့် အစားထိုးကျင်းပနိုင်မည့်နိုင်ငံအား ဆန္ဒပြုစေခဲ့ရာ အင်ဒိုနီးရှားနိုင်ငံက ကျင်းပခဲ့ခြင်းဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံအနေဖြင့်ယင်းပြိုင်ပွဲကို ၂၀၂၂ ခုနှစ် ဇူလိုင် ၂၀ ရက်မှ ၃၁ ရက်အထိ ပြုလုပ် သွားမည်ဖြစ်ပြီး အားကစားနည်း  ၁၃ မျိုး ထည့်သွင်းကျင်းပရန် လျာထားကာ ယခုလအတွင်း အတည်ပြုသွားမည်ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ဒုတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်က ပထမအကြိမ် လက်ခံ ကျင်းပခဲ့သည်။

ရဲရင့်လွင်