(၁၁)ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် မြန်မာ ရွှေ၊ ငွေ၊ ကြေး ဆွတ်ခူး

ရန်ကုန် ၁၂ နို၀င်ဘာ

တောင်ကိုရီးယားနိုင်ငံ ဂျီဂျူကျွန်းရှိ အိုင်စီစီဂျီဂျူ ကွန်ဗင်းရှင်စင်တာ၌ နို၀င်ဘာ ၅ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့သော (၁၁)ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားသမားများ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတစ်၊ ငွေတစ်၊ ကြေးသုံးခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ကာယဗလချန်ပီယံ ထွန်းမင်းက ၆၅ ကီလိုတန်းတွင် ရွှေတံဆိပ်တစ်ခုနှင့် Man Master သက်ကြီးတန်း ငွေတစ်ခုရရှိပြီး ထွန်းထွန်းအောင်က ၆၀ ကီလိုတန်းတွင် ကြေးတံဆိပ် ဆွတ်ခူးရရှိခဲ့သည်။ ထို့ပြင် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုပြိုင်ပွဲ Fitness Physique တွင် သဲစုက ကြေးတံဆိပ်၊ အမျိုးသမီး Model Physique 160 စင်တီမီတာအထက်တွင်‌ အေးသန္တာခိုင်က‌ ကြေးတံဆိပ်ရရှိကြသည်။         

“ကမ္ဘာ့ပြိုင်ပွဲမှာ‌ ရွှေ၊ ‌ငွေ ဆုတံဆိပ်ရရှိခဲ့တာ နည်းပြဆရာ‌တွေကြောင့်ပါ။ ကျွန်‌တော်တို့ပြိုင်ပွဲမှာ ဝိတ်တန်းတူပေမယ့် ပြည်ပကစားသမားတွေ ခန္ဓာကိုယ်နဲ့ ကျွန်တော်တို့ခန္ဓာကိုယ်‌ ကွာခြားပါတယ်။ နည်းပြ‌တွေရဲ့ နည်းစနည်း‌ကြောင့် နိုင်ရတာပါ။ ကျွန်တော်က စား၊ အိပ်၊ ကစားချိန်‌တွေ မှန်မှန်လုပ်လို့‌ အောင်နိုင်ဆုရခဲ့တယ်။ ဒါကြောင့် မျိုးဆက်သစ်ကစားသမား‌တွေကက နည်းပြ‌ကောင်းတစ်ယောက်လိုတယ်။ နည်းပြ‌ရဲ့စကားကို နားထောင်မှ ကာယဗလ‌ကောင်းတစ်ယောက် ဖြစ်လာမယ်”ဟု ကမ္ဘာ့၊ အာရှ၊ အရှေ့တောင်အာရှ ဆုတံဆိပ်များရှင် ထွန်းမင်းက‌ပြောသည်။

ပြိုင်ပွဲတွင် ကမ္ဘာ့နိုင်ငံများမှ ကစားသမား ၅၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ကြပြီး မြန်မာမှ လေးဦး ၀င်ရောက်ယှဉ်ပြိုင်သည်။ အဆိုပါ မြန်မာအားကစားအဖွဲ့သည် ယနေ့ညပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအဖွဲ့ချုပ်မှ တာ၀န်သူများ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

အာကာစိုး