မြန်မာ့ ၁၂ လရာသီ၏နောက်ဆုံး တပေါင်းလကုန်ဆုံးသည့် တပေါင်းလကွယ် နေ့(ယနေ့) ပြီးဆုံးသည် နှင့် နှောင်းတန်ခူးလဆန်း ၁ ရက်နေ့သို့ စတင်ရောက်ရှိပြီ ဖြစ်သည်။ တပေါင်းရာသီကုန်ဆုံး၍ တန်ခူးကာလသို့ ရောက်ရှိမည့် နှစ်သစ်ဦး မင်္ဂလာရှိသော အခါသမယဖြစ်ပေသည်။ မြန်မာ့ ၁၂ လရာသီတွင် တပေါင်းလသည် နောက်ဆုံးလဖြစ်သလို တန်ခူးလသည် တစ်မူထူးခြားသည့် ပထမဆုံးလဖြစ်ပေသည်။
တန်ခူးလသည် ‘တန်’ နှင့် ‘ခူး’ စကားနှစ်ခုကိုပေါင်း၍ တန်ခူးဖြစ်လာသည်ဟု ဆိုသည်။ ‘တန်’သည် ပါဠိအားဖြင့် ‘တာလ’ ဟူသောစကားမှ ဆင်းသက်လာပြီး ‘ထန်း’ဟု အနက်ရသည်။ ‘ခူး’ သည် ခူးဆွတ်သည်ဟု အနက်ရသည်။ ဤလရာသီတွင် ထန်းသီးများ ဆွတ်ခူးကြသည်ကို အစွဲပြု၍ ‘ထန်းခူးလ’ ‘တန်ခူးလ’ဟု ခေါ်တွင်သည်ဟု အချို့က ယူဆကြသည်။ တန်ခူးလကို ပုဂံခေတ် ကျောက်စာ၌ ခေတ်ရေးထုံးအတိုင်း ‘တန်ခူး’ ဟု ရေးထိုးထားသည်ကို တွေ့ရသည်။ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်သာမက ယနေ့ခေတ်ထိတိုင် တန်ခူး၊ တာကူးဟု အသိအမှတ်ပြုထား သည်။
တန်ခူးသည် တာကူးမှဆင်းသက်လာပြီး ‘တာ’သည် ရာသီအချိန်ဟု အနက်ထွက်သည်။ ‘ကူး’မှာ ကူးပြောင်းသည်ဟု အဓိပ္ပာယ်ထွက်သည်။ တနင်္ဂနွေဂြိုဟ်သည် မိန်ရာသီမှ မိဿရာသီသို့ ကူးပြောင်း သည်ကို အကြောင်းပြု၍ ‘တာကူး’ ဟုခေါ်တွင် ရာမှ ‘တန်ခူး’ သို့ ရွေ့လျောလာဟန်တူသည်။ မြန်မာအလိုအားဖြင့် တန်ခူးလ၌ ရက်ပေါင်း ၂၉ ရက်ရှိသည်။ နာရီအားဖြင့် နေ့ ၃၀ နာရီ၊ ညဉ့် ၃၀ နာရီ ရှိသည်။ နေ့တာညတာ တူညီမျှတသောလဖြစ်၍ ဥတုကာလကောင်းမွန်သည်။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် နှစ်သစ်ကူးပြောင်းသောလဖြစ်သည်။ ယဉ်ကျေးမှုဓလေ့ ထုံးစံအရ အေးချမ်းသာယာမှု အပေါင်းကို ဆောင်ကြဉ်းသည်။
ဤလတွင် စိတြနက္ခတ်နှင့် စန်းယှဉ်ကြည့်ကာ အသဝနီနက္ခတ်နှင့် နေမင်းတို့ ယှဉ်ကြသည်။ ဤလတွင် တံငါတာရာထွန်းပ၍ ရာသီရုပ်မှာ ဆိတ်သတ္တဝါ၏ပုံ ဖြစ်သည်။ တန်ခူးလရာသီတွင် တောင်လေ သုတ်ဖြူးကာ မိုးသားကျူးသည်။ ဖူးပွင့် သောရာသီပန်းနှင့် အသီးတို့မှာ ကနစိုးသီး၊ ရင်ခတ်ပန်း၊ ကံ့ကော်ပန်းနှင့် ပိတောက်ပန်းတို့ ဖြစ်သည်။ ကနစိုးပင်သည် အမြဲစိမ်းသော အပင်မျိုးဖြစ်သည်။ မြန်မာနိုင်ငံ၌ မိုးများသောဒေသများတွင် ပေါက်သည်။ အထူးသဖြင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ပေါက်ရောက်သည်။ တပို့တွဲနှင့် တပေါင်းလတွင် အပွင့်ပွင့်သည်။ တန်ခူးလနှင့် ကဆုန်လတွင် အသီးမှည့်သည်။
တန်ခူးလ၏အထိမ်းအမှတ် ကံ့ကော်ပင်များသည် မြန်မာနိုင်ငံရှိ အမြဲစိမ်း သစ်တောများတွင် ပေါက်ရောက်ပြီး အပင်ကြီးမျိုးဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံအထက်ပိုင်းနှင့် တနင်္သာရီတိုင်း ဒေသကြီးတွင် အများအပြားပေါက်ရောက်သည်။ ပိတောက်ပန်းဆိုလျှင် တန်ခူးလ၏ အမှတ်လက္ခဏာ အဖြစ် မြန်မာများအသိ အမှတ်ပြုထားသည်။ နှစ်ဆန်းပန်းဟုလည်း အသိအမှတ်ပြုထားသည်။ တန်ခူးလသို့ ရောက်လျှင် ပိတောက်ပန်းများဝေဆာပြီး ဥဩငှက်အသံစာစာနှင့် ရော်ရွက်များ ဖြာသဖြင့် သာယာကြည်နူးဖွယ်ကောင်းလှသည်။ စာဆိုတော် ဦးကြော့က “လမ်း တစ်လျှောက် သင်းပါဘိ၊ ဆန်းသလောက် မလင်းနိုင်ဘူး၊ ပန်းပိတောက်မင်း”ဟု ဖွဲ့ဆိုထားသည်။
မြန်မာတစ်မျိုးသားလုံး၏ ရှေးထုံးစဉ်လာအရ နှစ်ဟောင်းကုန်၍ နှစ်သစ်ဆန်းသည့် တန်ခူးလကို အလေးအမြတ်တန်ဖိုးထားကြသည်။ မြန်မာသက္ကရာဇ်နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းချိန်တွင် နှစ်သစ်ကူးပွဲတော်ကို နိုင်ငံတစ်ဝန်း ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြသည်။ မြန်မာတို့၏ နှစ်သစ်ကူးပွဲတော်ကို သင်္ကြန်ပွဲတော်ဟုခေါ်ဆိုသည်။ ယခုအခါ သင်္ကြန်ပွဲတော်ကာလသို့ ရောက်ရှိတော့မည်ဖြစ်သဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ကြိုတင်ပြင်ဆင်နေကြပြီဖြစ်သည်။ ပြည်သူများအနေဖြင့် နိုင်ငံရေး အရ အနှောင့်အယှက်များ များလှသဖြင့် စိတ်ရှိသလောက် မပြင်ဆင်နိုင်ကြပေ။ သို့သော် နှစ်သစ် ကူးပြောင်းသည့် သင်္ကြန်ပွဲတော်ကို မမေ့မပျောက်နိုင် ငံ့လင့် လျက်ရှိသည်။ မင်္ဂလာရှိသော သင်္ကြန်ပွဲတော်ကာလကို ပျော်ရွှင်စွာဆင်နွှဲလိုကြသည်။
မည်သို့ပင်ဖြစ်စေ တန်ခူးလရာသီအခါကာလသည် ရာသီအလိုအားဖြင့် လည်းကောင်း၊ သဘာဝ အနေအထားအရလည်းကောင်း စိတ်ကြည်နူးဖွယ်ကောင်း သည့်အခါကာလဖြစ်သည့်အပြင် နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်သို့ကူးပြောင်း ရောက်ရှိသည့်ကာလဖြစ်သည်။ ၁၂ လရာသီကုန်ဆုံးသည့် နှစ်သစ်ဦးသို့ ကူးပြောင်း သည့်ကာလတွင် နှစ်ဟောင်းမှ အညစ်အကြေးများကို ဆေးကြောသန့်စင် ပြီး ပျော်ရွှင်ချမ်းမြေ့စေရန်အတွက် အစဉ်ထိန်းသိမ်းစောင့်ရှောက်ခဲ့သော ကောင်းမြတ်သည့် မြန်မာ့ ယဉ်ကျေးမှုကို အစဉ်အလာမပျက် ဆက်လက်ထိန်းသိမ်း၍ ဆင်နွှဲနိုင်ရန် မျှော်လင့်လျက်ရှိပါကြောင်း။
ကြေးမုံ