(၁၂)ဘီးယာဉ် ဘရိတ်ပေါက်၍ ပေ ၁၅၀ နက်သည့်ချောက်ထဲကျပြီး လူနှစ်ဦးသေဆုံး

ငဖဲ  ၈   ဧပြီ 

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ မင်းဘူး-အမ်းကားလမ်း မိုင်တိုင်အမှတ် (၆၄/၅) ဂုတ်စီးရိုးရွာအနီးတွင် ဧပြီ ၇ ရက်နေ့ ညနေပိုင်းက ( ၁၂)ဘီးယာဉ်တစ်စီး ဘရိတ်ပေါက်၍ ပေ ၁၅၀ ခန့်အနက်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ကာ လူ ၂ ဦး သေဆုံးသွားခဲ့ကြောင်း  သိရသည်။

ဖြစ်စဉ်မှာ လမ်းခင်းကျောက်မှုန့်များ တင်ဆောင်မောင်နှင်လာစဉ်(၁၂)ဘီးယာဉ်သည် မင်းဘူး-အမ်းကားလမ်းမိုင်တိုင်အမှတ်(၆၄/၅)(ဂုတ်စီးရိုးရွာ)အနီး ဂငယ်ကွေ့အရောက်တွင် ကားဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်း၏လက်ဝဲဘက်ပေ(၁၅၀)ခန့် နက်သောချောက်ထဲသို့ ထိုးကျခဲ့ကာ လိုက်ပါလာသူ ၆ ဦး အနက် ၂ ဦးသေဆုံးခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူများမှာ ဦးတိုးဝင်း(၄၇)နှစ် နှင့် မျိုးမင်းဇော်(ခ)မျိုးသီဟအောင်(၁၈)နှစ်တို့ ဖြစ်ပြီး ဖြစ်စဉ်ကို ပဒါန်းနယ်မြေရဲစခန်းမှ အမှုဖွင့်ထားကြောင်း သိရသည်။

ဇေယျတု(မကွေး)