(၁၅)ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး ကျင်းပ

နေပြည်တော် ၂၉ ဇွန်

(၁၅)ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိ်မ်းချမ်းရေးဗဟိုဌာန (NRPC)၌ ကျင်းပသည်။

(၁၅)ကြိမ်မြောက် အစည်းအဝေးသို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဒေါက်တာတင်မျိုးဝင်း၊ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း၊ ဦးသုဝေ၊ ပူးတွဲ ကော်မတီဝင်များဖြစ်ကြသည့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့တို့မှ UPDJC ကိုယ်စားလှယ်များ၊ အကျိုးဆောင် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက အဖွင့်အမှာစကား ပြောကြားရာ၌ နိ်ုင်ငံရေးအရ တွေ့ဆုံညှိနှိုင်း အဖြေရှာရန်အတွက် UPDJC က ဦးဆောင်နေသည်ကို အားလုံး အသိပင် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိ်ုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပပြီး ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ချမှတ်နိ်ုင်ရေးအတွက် UPDJC သည် အလွန်အရေးပါသည့် ကဏ္ဍတွင် ရှိနေပါကြောင်း။

ဒုတိယအကြိမ် ညီလာခံကို ၂၀၁၇ ခုနှစ် မေလတွင် ကျင်းပခဲ့ပြီး တတိယအကြိမ် ညီလာခံကို ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ကျင်းပရန် သတ်မှတ်ထားပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ညီလာခံကျင်းပချိန် နှောင့်နှေးကြန့်ကြာနေသော်လည်း အစိုးရနှင့် EAO များ အကြားတွင် နိ်ုင်ငံရေးဆိုင်ရာ အလွတ်သဘော အစည်းအဝေး ၃ ကြိမ်၊ လုံခြုံရေးဆိုင်ရာ အလွတ်သဘော အစည်းအဝေး ၄ ကြိမ် ကျင်းပပြီး အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှု တည်ဆောက်ခဲ့ကြပါကြောင်း၊ နှစ်ဖက်ဆွေးနွေးမှုများအရ ကျော်လွှားရမည့် အခက်အခဲများနှင့် စိန်ခေါ်မှုများ ရှိနေသည်ကို တွေ့ရပါကြောင်း၊ မကြာမီပြုလုပ်မည့် ညီလာခံတွင် ပွင့်ပွင့်လင်းလင်းဖြင့် လိုလားချက်များကို အမြင်ချင်းဖလှယ်၍ ဆွေးနွေးပေးကြရန် လိုအပ်ပါကြောင်း၊ နိ်ု်င်ငံတော်အတွက် အရေးကြီးနေသည့် ဖက်ဒရယ်မူဝါဒများ ချမှတ်နိ်ုင်ရန် တစ်ဖက်နှင့်တစ်ဖက် အလျော့အတင်း ပြုလုပ်ပြီး သဘောတူညီချက်များ ရရှိစေမည့် နိုင်ငံရေးအခင်းအကျင်းများ ရရှိစေရန် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် မေတ္တာရပ်ခံပါကြောင်း။

ယခု UPDJC အစည်းအဝေးက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေး ကျင်းပမည့်ရက်ကို အတည်ပြု သတ်မှတ်ပေးရန် ဖြစ်ပါ ကြောင်း၊ ညီလာခံကျင်းပပြီး ရရှိလာမည့်မူဝါဒနှင့် အဆိုပြုချက်များကို ပြည်ထောင်စု သဘောတူညီစာချုပ် အစိတ်အပိုင်း(၂)အဖြစ် ချုပ်ဆိုရရှိရေးကို ဦးတည်ဆောင်ရွက်ပေး ကြရန်တိုက်တွန်းပြောကြား လိုပါကြောင်း၊

နောက်ထပ်ကျင်းပမည့် (၂၁) ရာစုပင်လုံ ညီလာခံ အစည်းအဝေး(၃)ကြိမ်တွင် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ချမှတ်နိ်ုင်စေရန် ဖက်ဒရယ်အုတ်မြစ်ကို ခိုင်ခိုင်မာမာ စိုက်ထူနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားထားပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် နောက်လာမည့် ညီလာခံ(၃)ကြိမ်အပြီး အနာဂတ်အတွက် ဖက်ဒရယ် အခြေခံမူများကို ပြီးပြတ်အောင်ညှိနှိုင်း ဆွေးနွေးပေးကြရန် အလေးအနက်ထားပြီး တိုက်တွန်း ပြောကြားလိုပါကြောင်း။

နိဂုံးချုပ်အနေဖြင့် အစည်းအဝေး တက်ရောက်လာသည့် UPDJC အဖွဲ့ဝင်များ အနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန်အတွက် တစ်ဖက်နှင့်တစ်ဖက် နားလည်မှုနှင့် ယုံကြည်မှုများဖြင့် အတူအကွ ပူးပေါင်း ဆောင်ရွက်ပေးနိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌ ဦးသုဝေက ယုံကြည်ချက်ဖြင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရမည်ဖြစ်ပြီး ယုံကြည်ချက်ရှိပါက ငြိမ်းချမ်းရေးရနိုင်ပါကြောင်း၊ ယုံကြည်ချက်မရှိပါက ငြိမ်းချမ်းရေးမျှော်လင့်ချက်သည် ကြန့်ကြာသွားမည်ဖြစ်ပါကြောင်း၊ သို့သော် ယုံကြည်ချက်သည် ရနိုင်သည်ဆိုသည့် အဆင့်တွင် ရှိပါကြောင်း၊ အမှန်တကယ် ရရန်အတွက် ကိုယ်ကိုယ် တိုင်က လုပ်ရမည်၊ အမိအရ အားထုတ်ရမည် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးရရှိရန် ဝီရိယသည်လည်း ပိုအရေးကြီးပါကြောင်း။

ထို့ပြင် ငြိမ်းချမ်းရေးကို ဆောင်ရွက်သည့်နေရာတွင် ကျွမ်းကျင်ပြည့်စုံသည့်သူများ များများပါရန် လိုအပ်ပါကြောင်း၊ များများပါလျင် မြန်မြန်အောင်မြင်မည်ဖြစ်၍ ငြိမ်းချမ်းရေးကို လက်ဆုပ်လက်ကိုင် ရရန်အတွက် ကျွမ်းကျင်သောပညာရပ်(၅)ရပ်ကို ပြည့်စုံအောင် လုပ်မှသာလျှင် ငြိမ်းချမ်းရေး မြန်မြန်ရမည်ဆိုသည့် အသိကြောင့် ယနေ့ ငြိမ်းချမ်းရေးကို လက်ဆုပ်လက်ကိုင်ရအောင် လူတိုင်းလူတိုင်းတွင် လိုအပ်နေသော ကျွမ်းကျင်မှု(၅)ရပ်ကို ပြည့်စုံအောင် စွမ်းဆောင်ကြပါစို့ဟု အဓိဋ္ဌာန်ပြုပြောကြားသည်။

ယနေ့ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် တက်ရောက်လာကြသူများက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ တတိယ အစည်းအဝေး ကျင်းပမည့် ရက်သတ်မှတ်ခြင်း၊ UPDJC သို့တင်သွင်းသည့် စာတမ်းများ အတည်ပြုခြင်း၊ နိ်ုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ လုပ်ငန်းကော်မတီများ၏ ဆောင်ရွက်ချက်များ တင်ပြခြင်း၊ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီတွင် ဆွေးနွေးမည့်ခေါင်းစဉ်များ အတည်ပြုခြင်း၊ လုပ်ငန်းကော်မတီ အကျိုးဆောင်များ လုပ်ငန်းလမ်းညွှန်(ToR) ကို အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။

ထို့အတူ ညီလာခံဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် ညီလာခံအစီအစဉ်အတည်ပြုခြင်း၊ ညီလာခံဖွင့်ပွဲတွင် JMC အစီရင်ခံစာ တင်သွင်းရေးကိစ္စ၊ NCA လက်မှတ် မရေးထိုးရသေးသည့် EAO များ ဖိတ်ကြားရေးကိစ္စ၊ ညီလာခံသို့ လေ့လာသူများ ဖိတ်ကြားရေးနှင့် လေ့လာသူဦးရေ သတ်မှတ်ရေးကိစ္စ၊ ညီလာခံအတွင်း ဆောင်ရွက်မည့် ညီလာခံ ဆိုင်ရာလုပ်ငန်းများကိစ္စ၊ UPDJC အတွင်းရေးမှူးများ အစည်းအဝေး၊ UPDJC အစည်း အဝေးနှင့် လုပ်ငန်းကော်မတီအစည်းအဝေး ကျင်းပရေးကိစ္စ၊ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ ပြောင်းလဲတာဝန်ပေးအပ်ခြင်း ကိစ္စနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးသုဝေ၊ ဒေါက်တာလျန်မှုန်းဆာခေါင်းနှင့် ဒေါက်တာ တင်မျိုးဝင်းတို့က နိဂုံးချုပ်အမှာစကား ပြောကြားကြပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ တတိယအစည်းအဝေးကို ၂၀၁၈ခုနှစ် ဇူလိုင်လ ၁၁ ရက်မှ ၁၆ ရက်နေ့အထိနှင့် လုပ်ငန်းကော်မတီ အစည်းအဝေးများကို ဇူလိုင်လ ၄ ရက်မှ ၆ ရက်အထိ နေပြည်တော် အပြည်ပြည်ဆိုင်ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

(သတင်းစဉ်)