(၁၆)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်  အာဆီယံ နိုင်ငံများမှ အားကစားအဖွဲ့များ ရန်ကုန်မြို့သို့ရောက်ရှိ 

ရန်ကုန် ၁၆ မေ 

 

မြန်မာနိ်ုင်ငံတွင် ကျင်းပမည့် (၁၆) ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အာဆီယံနိုင်ငံများမှ အားကစားအဖွဲ့များသည် ယနေ့နံနက်ပိုင်းက လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာရာ မြန်မာနိ်ုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုကြသည်။

 

(၁၆)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကို မေ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် အမှတ်(၄) ရပ်ကွက်၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC)၌ကျင်းပသွားမည်ဖြစ်သည်။ 

 

အဆိုပါပြိုင်ပွဲတွင် အိမ်ရှင်မြန်မာနိုင်ငံနှင့်အတူ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ AMI Gym တို့ပါဝင်ပြီး မြန်မာအားကစားသမား အမျိုးသား ၃၂ ဦးနှင့် အမျိုးသမီး ၁၄ ဦး၊ စုစုပေါင်း ၄၆ ဦးအပါအဝင် ပြိုင်ပွဲဝင် အားကစားသမားများ စုစုပေါင်း တစ်ရာကျော်တို့ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

 

မြန်မာနိ်ုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်မှ အပြည်ပြည်ဆိုင်ရာဒိုင်လူကြီး ဦးနေလင်းက “ကမ္ဘာ့အဆင့်ပြိုင်ပွဲနဲ့ အရှေ့တောင်အာရှအဆင့် ကာယဗလပြိုင်ပွဲတွေကို ကျွန်တော်တို့နိုင်ငံက အိမ်ရှင်အဖြစ်နဲ့ အရင်တုန်းကလည်း ကျင်းပခဲ့တယ်။ အခုပြိုင်ပွဲမှာတော့ ထူးခြားမှုအနေနဲ့ အမျိုးသားနဲ့ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲအပြင် အမျိုးသားတစ်ဦးချင်းနဲ့ အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲ အမျိုးအစားတွေလည်း ပိုများလာပါတယ်” ဟုပြောသည်။

 

န္န

 

ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား ၂၂ မျိုးနှင့် ၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ ကာယဗလမောင် တံခွန်စိုက်ဆု (Mr. South East Asia 2019 ) တို့ကိုထည့်သွင်း ကျင်းပသွားမည်ဖြစ်ပြီး ယခုပြိုင်ပွဲသည် မြန်မာနိ်ုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ပြိုင်ပွဲများအနက် ထူးခြားမှုအနေဖြင့် အမျိုးသမီးကာယကြံ့ခိုင်မှု ပြိုင်ပွဲများဖြစ်သော Women’s Model Physique၊ Women’s Athletic Physique၊ Women’s  Fitness Physique ပြိုင်ပွဲများနှင့် အမျိုးသား ကာယကြံ့ခိုင်မှု ပြိုင်ပွဲများဖြစ်သော Men’s Sport Physique၊ Men’s Athletic Physique၊ Men’s  Fitness Physique ပြိုင်ပွဲများနှင့် အမျိုးသားနှင့် အမျိုးသမီးစုံတွဲ ယှဉ်ပြိုင်ရသော Mixed Pairs ပြိုင်ပွဲများကို ထည့်သွင်းကျင်းပခြင်းဖြစ်သည်။

 

အဆိုပါပြိုင်ပွဲတွင် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် (WBPF)၊ အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် (ABBF)၊ အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် (SEABPF) တို့က ပြိုင်ပွဲအား ကြီးကြပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်မှ သိရသည်။

 

(၁၅) ကြိမ်မြောက် အရှေ့တောင်အာရှ ကာဗလနှင့် ကာယကြံ့ခိုင်မှု အားကစား ပြိုင်ပွဲကို ၂၀၁၈ ခုနှစ် ဇွန်လတွင် ကမ္ဘောဒီးယားနိ်ုင်ငံ၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှ အားကစားသမား အမျိုးသား ငါးဦးနှင့် အမျိုးသမီးသုံးဦး စုစုပေါင်း ရှစ်ဦး သွားရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်နှစ်ခုနှင့် ငွေတံဆိပ်နှစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်