(၁၆)ကြိမ်မြောက် ဆရာဝန်တင်ရွှေစာပေဆုရ စာရေးဆရာကြီးများ၏ ဝမ်းသာပီတိစကားသံများ

ရန်ကုန် ၂၁ မေ

 

မြန်မာနိုင်ငံတွင် နိုင်ငံသားတို့အတွက် အသိအမြင်၊ ဗဟုသုတတိုးပွားစေသော စာအုပ်စာပေ ပွားများရေး အားပေးရန်၊ ထိုသို့အားပေးရာတွင် နှစ်စဉ်စာအုပ်၊ စာမူတစ်မျိုးမျိုးကို မြန်မာနိုင်ငံစာရေးဆရာအသင်းနှင့် မြန်မာစာပေပညာရှင်ကြီးများ၏ ပါဝင်ကူညီမှုဖြင့် ရွေးချယ်၍ ချီးမြှင့်ရန်၊ မြန်မာစာပေကို ဘက်စုံဖွံ့ဖြိုးအောင် အားပေးမြှင့်တင်ရေးနှင့် စာရေးဆရာတို့၏ ဘဝဖူလုံရေးကို စာပေဆုချီးမြှင့်ခြင်းဖြင့် တစ်နည်းတစ်လမ်းကူညီရန် ရည်ရွယ်ချက်များဖြင့် ၂၀ဝ၀ ခုနှစ်မှ စတင်ကာ ဆရာဝန်တင်ရွှေ စာပေဆုများကို အားပေးချီးမြှင့်ခဲ့သည်။

 

ယခုနှစ် (၁၆)ကြိမ်မြောက် ဆရာဝန်တင်ရွှေစာပေဆု ချီးမြှင့်ပွဲအခမ်းအနားကို မေ ၁၉ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ကျင်းပခဲ့ရာ ဆရာဝန်တင်ရွှေစာပေဆု အလှူရှင် မိသားစုဝင်များနှင့် ဆုရရှိသူများအား မြန်မာ့သတင်းစဉ်က တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

 

စည်သူ ဒေါက်တာသော်ကောင်း

ဆုရတာ အထူးဝမ်းသာပါတယ်။ ဂုဏ်လည်းယူပါတယ်။ စတည်ထောင်ကတည်းက ဆရာဝန်တင်ရွှေ စာပေဆုရွေးချယ်ရေးအဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။အရင်နှစ်တွေကတည်းက ဆရာ့ကိုပေးဖို့ အဖွဲ့ဝင်တွေက ပြောကြပါတယ်။ ဆရာဝန်တင်ရွှေ စာပေဆုက (၁၆) ကြိမ်ရှိပြီဆိုတော့ ခိုင်မြဲသွားပါပြီ။ အဓိကဒီစာပေဆုက ရသစာပေအတွက် သိပ်မပေးပါဘူး။ တစ်ခါတလေမှပေးပါတယ်။သုတစာပေအတွက် အဓိကပေးပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့စာအုပ်တွေကို ဦးစားပေးပါတယ်။ နှစ်တိုင်းနှစ်တိုင်း စာကောင်းပေကောင်းတွေ ထွက်ပါတယ်။ အမျိုးသားစာပေဆုတစ်ခုတည်းနဲ့ မလုံလောက်တဲ့ သဘောဖြစ်နေတဲ့အတွက် ပြင်ပစာပေ ဆုတွေကလည်း ဆုတွေချီးမြှင့်ပေးတယ်။ ရသင့်ရထိုက်တဲ့ စာအုပ်တွေ မကျန်သွားဘူး။ ခုနောက်ပိုင်း စာဖတ်ပရိသတ်တွေက ပြောတယ်၊ စာဖတ်နှုန်းကျတယ်။ စာဖတ်တဲ့ယဉ်ကျေးမှုတစ်ခု အရင်တုန်းကရှိခဲ့တယ်။ ဒါတွေကိုပြန်တည်ထောင်ဖို့ ကြိုးစားနေပါတယ်။ တစ်ဖက်ကလည်း စာကြည့်တိုက်တွေများများထွန်းကားလာရင် စာအုပ်တွေကို အခမဲ့ ငှားဖတ်နိုင်မယ်။ လောလောဆယ် မြန်မာနိုင်ငံစာကြည့်တိုက်အသင်းနဲ့ပူးပေါင်းပြီး ကျောင်းစာကြည့်တိုက်တွေ ပြန်ပြီးတည်ထောင်ဖို့ အားပေးနေပါတယ်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပြန်/ဆက် တို့ပေါင်းပြီး ရွေ့လျားစာကြည့်တိုက်လုပ်နေတယ်။ ရွေ့လျားစာကြည့်တိုက်တွေက ရွာအထိရောက်ပါတယ်။ ရွေ့လျားစာကြည့်တိုက် တွေရောက်လာတော့ ရွာတွေမှာ လူငယ်တွေသာမက လူကြီးတွေပါ စာဖတ်ပါတယ်။ အတော်အောင်မြင်တယ်လို့ ပြောရမှာပါ။

 

ဒေါက်တာခင်မောင်လွင် (Fame)

၂၀၁၆ ခုနှစ်အတွက် “သစ်သီးများနဲ့ကျန်းမာရေး” စာအုပ်နဲ့ ဆုရခဲ့ပါတယ်။ အဲဒီစာအုပ်မှာ သစ်သီးအမျိုး ၂၀ အကြောင်းကို သေသေချာချာပြည့်ပြည့်စုံစုံ ရေးထားပါတယ်။ ၂၀ဝ၅ ခုနှစ်ကစပြီး မြဝတီရုပ်မြင်သံကြားမှာ အပတ်စဉ်လွှင့်တဲ့ ကျန်းမာသုတအစီအစဉ်မှာ ပြောခဲ့ပြီးဖြစ်ပါတယ်။ အဲဒီအစီအစဉ်မှာ ခေါင်းစဉ်တွေ အများကြီးနဲ့ ပြောခဲ့ပါတယ်။ ကျွန်တော် ပြောခဲ့တဲ့အထဲကသစ်သီးအမျိုး ၂၀ ပေါင်းပြီး ဒီစာအုပ်ကိုထုတ်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာသစ်သီးတွေက အလွန်ပေါတယ်။ အခုခေတ်ကလေးတွေက အာဟာရမပြည့်တဲ့ အစားအသောက်တွေ စားနေတာတွေ တွေ့နေရတယ်။ အဲဒီအစား အာဟာရပြည့်ဝတဲ့ သစ်သီးတွေစားခြင်းဖြင့် အာဟာရပြည့်မယ်။ ဉာဏ်ရည်ဉာဏ်သွေးတွေလည်း ကောင်းလာမယ်။ ခုခံအားစနစ်ကောင်းလာမယ်။ ရောဂါကာကွယ်နိုင်တဲ့ စွမ်းအားလည်း ကောင်းလာမယ်။ ဒါကြောင့်မို့ ကလေးပရိသတ်ကို ရည်ရွယ်ပြီး သစ်သီးတွေကို ကျွေးစေချင်တယ်။ ဒီဆန္ဒနဲ့ ဒီစာအုပ်ကိုရေးခြင်းဖြစ်ပါတယ်။ စာပေဆုဆိုတာ ကျွန်တော့် အတွက် အင်မတန်တန်ဖိုးထားတဲ့၊ လေးစားရတဲ့ဆုတစ်ခုပါ။ ဒါဒုတိယအကြိမ်ရတဲ့ စာပေဆုဖြစ်ပါတယ်။ ဆုရတဲ့အတွက် နောက်ထပ်စာရေးဖို့ အင်အားတွေရတယ်လို့ ခံစားရပါတယ်။ ကျန်းမာရေးကအားလုံးအတွက် အရေးကြီးပါတယ်။ ကျန်းမာချင်တဲ့ စိတ်ဓာတ်ရှိရမယ်။ ကျန်းမာအောင် နေထိုင်စားသောက်မယ်ဆိုရင် ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်မယ်ဆိုတာ ပြောချင်ပါတယ်။ ဒါကို အားလုံးလိုက်နာစေချင်ပါတယ်၊ လုပ်စေ ချင်ပါတယ်။

 

ဒေါက်တာလွှမ်းမိုးဟန်

“ကင်ဆာလူနာများအတွက် လက်တွေ့ကျကျမေးခွန်းနဲ့အဖြေများ”စာအုပ်နဲ့ ဆုရခဲ့ပါတယ်။ ရည်ရွယ်ချက် ကတော့ ကင်ဆာလူနာတွေအတွက် ကင်ဆာရောဂါနဲ့ပတ်သက်တဲ့ မှန်ကန်တဲ့အချက် အလက်တွေ၊ မှန်ကန်တဲ့ကုသမှုတွေကိုရစေချင်တဲ့ စေတနာနဲ့ရေးခဲ့တာပါ။ စာမူပေါင်း ၁၀ဝဝ ကျော်၊ စာအုပ် ရှစ်အုပ်ရေးခဲ့ ပါတယ်။ ကင်ဆာနဲ့ပတ်သက်ပြီးရေးခဲ့တဲ့ စာအုပ် နှစ်အုပ်လုံး ဆုရရှိခဲ့ပါတယ်။ စာရေးတဲ့အခါ ဇွဲမလျှော့ဘဲ စေတနာထားပြီး ရေးမယ်ဆိုရင် တစ်ချိန်မှာအောင်မြင်နိုင်ပါတယ်လို့ ပြောချင်ပါတယ်။

 

ဒေါက်တာမောင်မောင်စံ (ကျော်စောမင်း၊ ကြည်မင်း)

ဆုရတဲ့အတွက် အလွန်ဝမ်းသာပါတယ်။ စာအုပ်ကို ထုတ်ဝေပေးတဲ့လင်းလွန်းခင်စာပေနဲ့ ဝေဖန်ရေး ပရိသတ်ကိုလည်း ကျေးဇူးတင်ပါတယ်။ “သမိုင်း သို့မဟုတ် ခေတ်ရုပ်ပုံကား”ဆိုတဲ့စာအုပ်နဲ့ ဆုရဖို့ မျှော်လင့်ခဲ့ဖူး ပါတယ်။၂၀၁၅ မှာ “ရှင်းတူးရှင်တူး”ဆိုတဲ့ စာအုပ်ကို အားကိုးခဲ့ပါတယ်။ ဇရပ်ကြိုဇရပ်ကြားက ဘုန်းကြီးကျောင်းသားတစ်ယောက်က လူငယ်တွေကိုပေးတဲ့ ကိုယ်တွေ့အောင်မြင်ရေးနည်းတွေပါ။ လူငယ်စာပေပေါ့။ “ဒေါ်စုသို့ပေးစာ”ဆိုတဲ့ နိုင်ငံရေးဝေဖန်စာ စာအုပ်တစ်အုပ်လည်းထွက်ခဲ့တယ်။ “ပညာခရီးနှင့် ပညာမျက်စ”ဆိုတဲ့ ပညာရေးအတွေ့အကြုံ စာအုပ်နဲ့လည်း ဆုမျှော်လင့်ခဲ့ဖူးတယ်။ ၂၀၁၆ ခုနှစ် ကျတော့ “ဦးအောင်သင်းနှင့် ကျွန်တော်”ဆိုတဲ့ စာအုပ်၊ တိုင်းပြည်အတွက် တန်ဖိုးကြီးလှတဲ့လူတစ်ယောက်ကို ဂုဏ်ဖော်ပြီး ကြည်ညိုစိတ်နဲ့ရေးတာ။ ကိုယ်မှမရေးရင်မဖြစ်တဲ့ စာမျိုးပဲရေးတာ။ စာအုပ်က ပါးလို့သေးလို့ ဆိုတာမျိုးတွေနဲ့ ကိုင်တောင်မကြည့်ဘူးလို့ ကြားရပါတယ်။ ဟုတ်ချင်ဟုတ်မှာပါ။ “ဖတ်ကြည့်”စာအုပ်က ၂၀၁၇ မှာ ထွက်ပါတယ်။ ထုတ်ဝေသူကအရင် ဟန်သစ်က ဆောင်းပါးတွေကို ကြိုက်သူပါ။ ကျွန်တော်က လောလောဆယ်ကိစ္စတွေကို အရင်ထုတ်ချင်လို့ ကြေးမုံဆောင်းပါးတွေနဲ့ ပြည်သူ့အရေးဆောင်းပါးတွေကိုပဲ ထုတ်လိုက်တာ။ ဆက်ထွက်လာမှာပါ။ စာပေဝေဖန်ရေးမှာ ကျွန်တော်ကိုင်တဲ့မူက ကျွန်တော့်ဆရာ အထောက်တော်လှအောင် သင်ကြားပေးခဲ့တာကိုအခြေခံပြီး ပြောစရာကို ယဉ်ယဉ်ကျေးကျေးပြောတဲ့မူပါ။ Speaksoftly but carry a banner ပေါ့။ ဦးလှအောင်က ကလောင်သစ်ကို မြေတောင်မြှောက်ပေးသလို ဝေဖန်၊ ကလောင်ကြီးကျတော့ ကိုင်းပျံတွေဖြတ်ပေးသလိုဝေဖန်လို့ ပြောခဲ့တယ်။ ဝေဖန်ရေးသမားက ပြည်တွင်း ပြည်ပ စာတွေအများကြီးဖတ်ရပါတယ်။ ဒါ့ကြောင့်လည်း စာအရေးကျဲပါတယ်။ ကျွန်တော် ဆက်ကြိုးစားပါ့မယ်။

 

ဦးသိန်းလှိုင် (မြန်မာ့သမိုင်းအဖွဲ့ အဖွဲ့ဝင်)

"Myanmar English Dictionary of Ancient Myanmar Historial Terms" စာအုပ်နဲ့ ဆုရခဲ့ပါတယ်။ အမျိုးသားစာပေဆုအပါအဝင် ပြင်ပစာပေဆုပေးတဲ့ အဖွဲ့တွေက မြန်မာနိုင်ငံစာပေဖွံ့ဖြိုးဖို့အတွက် အများကြီး အကျိုးပြုပါတယ်။ အဆင့်မြင့်တဲ့စာအုပ်တွေကိုရွေးချယ်ပြီးတော့ ဆုပေးခဲ့တယ်။ ဗဟုသုတစာပေတွေကို မြန်မာလူငယ်တွေဖတ်ပြီးတော့ နိုင်ငံ့အကျိုးပြုလုပ်ငန်းတွေကိုဆက်ပြီးဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

 

ဒေါ်သက်သက်ရွှေ (ဆရာဝန်တင်ရွှေ၏သမီး)

ဒီနှစ်တော့ ငါးဆုချီးမြှင့်ဖို့ လျာထားပါတယ်။ တစ်သက်တာစာပေဆုအနေနဲ့တစ်သက်တာလုံး စာပေလုပ်ငန်း တွေကို လုပ်ဆောင်လာခဲ့တဲ့ ဆရာကြီး စည်သူဒေါက်တာဦးသော်ကောင်းကို ချီးမြှင့်ဖို့ ရည်စူးထားပါတယ်။ စာအုပ်ဆုအနေနဲ့ကတော့ လေးဆုပါ။ ဆုတွေထဲမှာ ဒေါက်တာခင်မောင်လွင် (Fame)ရေးတဲ့သစ်သီးတွေက ကျန်းမာရေးအကျိုးပြုပုံအကြောင်း၊ ဒေါက်တာလွှမ်းမိုးဟန်ရေးတဲ့ ကင်ဆာရောဂါဝေဒနာတွေအကြောင်း၊ အဲဒီအကြောင်းတွေက လူသားတွေအတွက် ပိုပြီးအကျိုးပြုသွားမယ်လို့ မျှော်လင့်ပါတယ်။ နောက်ပြီး ဆရာဦးသိန်းလှိုင်က သမိုင်းဆိုင်ရာအချက်အလက်တွေ ရေးထားပါတယ်။ မသိတဲ့သူတွေအတွက် အလွန်ပဲ အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ဒေါက်တာမောင်မောင်စံ(ဆရာကျော်စောမင်း)ရေးတဲ့ “ဖတ်ကြည့်” စာအုပ်ကလည်း စာပေအနာဂတ်ကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့်မြင်ရမလားလို့ မျှော်လင့်တဲ့အတွက် အဲဒါတွေကြောင့် ဒီစာအုပ်တွေကို ရွေးချယ်ပြီး ဆုချီးမြှင့်ခြင်းဖြစ်ပါတယ်။ ရေရှည်တစ်သက်တာလုံး ဒီစာပေဆု ရပ်တည်နိုင်ဖို့ ဆက်လက်ရွေးချယ်ဆုချီးမြှင့်သွားဖို့ မျှော်လင့်ထားပါတယ်။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

 

တွေ့ဆုံမေးမြန်း- ရီရီမြင့်၊ နန္ဒာဝင်း
ဓာတ်ပုံ - ဇော်မင်းလတ်၊ ရဲထွဋ်