(၁၇)ကြိမ်မြောက် အာဆီယံသိပ္ပံနှင့် နည်းပညာ ဝန်ကြီးများအဆင့် အစည်းအဝေးကျင်းပ

နေပြည်တော် ၂၀ အောက်တိုဘာ


အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အာဆီယံ မျှော်မှန်းချက်များနှင့် ဒေသတွင်း စီးပွားရေးစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် သိပ္ပံနှင့် နည်းပညာကဏ္ဍများတွင် မြန်မာနိုင်ငံအနေဖြင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ အာဆီယံ နှစ် (၅၀) ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် အကြီးအကဲများက သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ကဏ္ဍများတွင် ပံ့ပိုးဆောင်ရွက်ခြင်းဖြင့် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်မည်ဟု ပြောကြားထားပါကြောင်း၊ ၂၀၂၅ ခုနှစ်တွင် အာဆီယံနိုင်ငံများ ပိုမိုပေါင်းစည်းရေးနှင့် တီထွင်ဆန်းသစ်မှုများ တိုးမြှင့်နိုင်ရန်အတွက် မိတ်ဖက်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရာ၌ မြန်မာနိုင်ငံအနေဖြင့် တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍ ကမ္ဘောဒီးယားနိုင်ငံ Ministry of Industry and Handicraft မှ Senior Minister H.E.Dr.CHAMPrasidh က ဂုဏ်ပြုစကားပြောကြားသည်။


အစည်းအဝေးတွင် အာဆီယံနိုင်ငံများက လက်ခံကျင့်သုံးမည့် အာဆီယံ တီထွင်ဆန်းသစ်မှု ကြေညာချက်၏ နောက်ဆုံးမူကြမ်းကို အတည်ပြုခြင်း၊ အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ရန်ပုံငွေမှ ကျခံသုံးစွဲမည့် အဆိုပြုလွှာ (၁၂) ခုအား အတည်ပြုခဲ့ခြင်း၊ အာဆီယံ နျူးကလီးယားနှင့် ဆင်ခရိုထရွန် ကွန်ရက်၊  နျူးကလီးယား စွမ်းအင် ဘေးအန္တရာယ် ကင်းရှင်းရေး သုတေသနဆိုင်ရာ အာဆီယံကွန်ရက် တည်ထောင်ခြင်း၊ အာဆီယံရေနှင့် ရာသီဥတုဆိုင်ရာ သတင်းအချက်အလက် စင်တာကို အတည်ပြုခြင်း၊ အားလုံးပါဝင်ရေးနှင့် တန်းတူ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း အသေးစားနှင့် အလတ်စားလုပ်ငန်းများကို ဦးစားပေး အစီအစဉ်ဖြင့် ပံ့ပိုးဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။


ထို့ပြင် အာဆီယံ - အိန္ဒိယ သုတေသန ဆိုင်ရာ လေ့ကျင့်သင်ကြားမှု အစီအစဉ်နှင့် အာဆီယံ - အိန္ဒိယ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ် စတင်ဆောင်ရွက်ခြင်း၊ အာဆီယံ - အိန္ဒိယ သိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေကို အမေရိကန်ဒေါ်လာ တစ်သန်းမှ ၅ သန်းသို့ တိုးမြှင့်ခဲ့ခြင်း၊ အာဆီယံ - ရုရှား သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု စီမံချက် (၂၀၁၆ - ၂၀၂၅) ကိုအတည်ပြုခြင်း၊ အာဆီယံ-အမေရိကန် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပညာသင် အစီအစဉ်ကို အာဆီယံဖောင်ဒေးရှင်းမှ စီမံခန့်ခွဲမှုနှင့်အတူ ဆက်လက်ဆောင်ရွက်ခြင်း၊  အာဆီယံလူငယ် သိပ္ပံနှင့် နည်းပညာရှင်များဆု၊ အာဆီယံသိပ္ပံနှင့် နည်းပညာထူးချွန်ဆု၊ အာဆီယံဝန်ဆောင်မှု ဆိုင်ရာဆု၊ အာဆီယံအပေါင်း (၃) ၏ သိပ္ပံပညာ ထူးချွန်သူများအတွက် စင်တာ၏ DaVinci ဆုနှင့် ပညာသင်ဆု၊ အမျိုးသမီးများအတွက် အာဆီယံ-အမေရိကန် သိပ္ပံဆုများ လက်ခံသူများကို အစည်းအဝေး တက်ရောက်လာကြသူများက အသိအမှတ်ပြုခဲ့သည်။


အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များသည် မြန်မာအပြည်ပြည်ဆိ်ုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနအတွင်း ကျင်းပလျက်ရှိသည့် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ပြပွဲအား လှည့်လည်ကြည့်ရှု အားပေးကြသည်။


မွန်းလွဲပိုင်းတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အစည်းအဝေးသို့ တက်ရောက်လာကြသည့် အာဆီယံနိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများကို အလုပ်သဘော နေ့လယ်စာစားပွဲဖြင့် တည့်ခင်း ဧည့်ခံခဲ့သည်။


အလားတူအောက်တိုဘာ ၁၉ ရက် ညနေပိုင်းက အာဆီယံသိပ္ပံနှင့် နည်းပညာဆိုင်ရာ ထူးချွန်ဆုပေးအပ်ပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနအမှတ ်(၂) ၌ ကျင်းပရာ ASEAN Outstanding Scientist and Technologist Award အားမလေးရှားနိုင်ငံမှ Ir.Dr.HefizalMoHamad ၊ ASEAN Young Scientist and Technologist Award အားအင်ဒိုနီးရှားနိုင်ငံမှ Dr.ChairulHudaya, ASEAN Meritorious Service Award အတွက် ကမ္ဘောဒီးယားနိုင်ငံမှ Mr.Keahak VEN ၊ အင်ဒိုနီးရှားနိုင်ငံမှ Prof. GedeWenten ၊ လာအိုနိုင်ငံမှ Mr.Kongsaysy PHOMMASAY ၊ မလေးရှားနိုင်ငံမှ Dr.WaiYie Leong ၊ မြန်မာနိုင်ငံမှ ဒေါက်တာသဇင်ဟန်၊ ဗီယက်နမ်နိုင်ငံမှ Nguyen QuangLiem နှင့် စင်္ကာပူနိုင်ငံမှ Dr. Juay Choy IIO ၊ ASEAN Plus Three Centre for the Gifted in Science's Da Vinci Award  အတွက် ဗီယက်နိုင်ငံမှ Mr.Dinh Viet Thi နှင့် ကိုရီးယားသမ္မတနိုင်ငံမှ Ms.Lee You Min ၊ အမျိုးသမီးများအတွက် အာဆီယံ - အမေရိကန် သိပ္ပံဆုအတွက် မလေးရှားနိုင်ငံမှ Ms.MEI Fong Chong နှင့် ဗီယက်နမ်နိုင်ငံမှ Ms. NGUYEN THI Hiepတို့အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဆုများပေးအပ်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် အာဆီယံနိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများ၊ ဆုရရှိကြသူများကို ဂုဏ်ပြုညစာ စားပွဲဖြင့် တည့်ခင်းဧည့်ခံခဲ့သည်။


မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် (၁၇)ကြိမ်မြောက် အာဆီယံသိပ္ပံနှင့် နည်းပညာ ဝန်ကြီးအဆင့် အစည်းအဝေးနှင့်အတူ အာဆီယံသိပ္ပံနည်းပညာနှင့် တီထွင်ဆန်းသစ်မှု ညီလာခံ၊ အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုပြပွဲ၊ (၅၁)ကြိမ်မြောက် အာဆီယံသိပ္ပံနှင့် နည်းပညာ အခြေခံအဆောက်အဦနှင့် အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီ အစည်းအဝေး၊ (၄) ကြိမ်မြောက် အာဆီယံသိပ္ပံနှင့် နည်းပညာကော်မတီ အကြံပေးဘုတ်အဖွဲ့ အစည်းအဝေး၊ (၇၃) ကြိမ်မြောက် အာဆီယံသိပ္ပံနှင့် နည်းပညာ ကော်မတီ အစည်းအဝေး၊ (၈) ကြိမ်မြောက် အာဆီယံ - ရုရှားသိပ္ပံနှင့် နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေး၊ (၇) ကြိမ်မြောက် သိပ္ပံနှင့် နည်းပညာဆိုင်ရာ အာဆီယံ - ဥရောပသမဂ္ဂ၊ အာဆီယံ - အမေရိကန် ဆွေးနွေးပွဲများကို အောက်တိုဘာ ၁၂ ရက်မှ ၂၀ ရက်အထိ အောင်မြင်စွာ ကျင်းပခဲ့သည်။


သူရဇော်(သတင်းစဉ်)
ဓာတ်ပုံ - ထိန်နန်နော်