(၁၈)ကြိမ်မြောက် အာရှဘိလိယက်ပြိုင်ပွဲနှင့် အာရှအသင်းလိုက်ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

နေပြည်တော် ၁၄ ဇူလိုင်

 

၂၀၁၉ ခုနှစ် ဧပြီ ၂၇ ရက်မှ မေ ၃ ရက်အထိ အိန္ဒိယနိုင်ငံ၊ Chandigrah မြို့၌ ကျင်းပပြုလုပ်ခဲ့သော (၁၈)ကြိမ်မြောက်အာရှ ဘိလိယက်ပြိုင်ပွဲနှင့် ကာတာနိုင်ငံတွင် ကျင်းပခဲ့သော အာရှစနူကာအသင်းလိုက်ပြိုင်ပွဲတွင် ဆုရရှိခဲ့သော အားကစားသမား များအား ဆုချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယမန်နေ့ ည(၆)နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် အလံပြဘုရားလမ်းရှိ  ParkRoyal Yangon (Yadanar Grand Ballroom) ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးတက်ရောက်ကာ ဆုများချီးမြှင့်ပေးခဲ့သည်။

 

ရှေးဦးစွာ မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာမင်းနိုင် က  ပြိုင်ပွဲနှင့် ပတ်သက်၍ ဆုရရှိခဲ့မှုများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်က ကာတာနိုင်ငံတွင် ကျင်းပခဲ့သော အာရှစနူကာအသင်းလိုက်ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သော ကိုထက်နှင့် ဝင်းကိုကို တို့ကို ဂုဏ်ပြုဆုငွေကျပ် (၂၅)သိန်းနှင့် အိန္ဒိယနိုင်ငံ၊ Chandigrah မြို့၌ ကျင်းပပြုလုပ်ခဲ့သော (၁၈)ကြိမ်မြောက်အာရှ ဘိလိယက် ပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့သော ချစ်ကိုကို ကို ဂုဏ်ပြုဆုငွေကျပ် (၂၅) သိန်း ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ မင်းနိုင်တို့က အိန္ဒိယနိုင်ငံ၊ Chandigrah မြို့၌ ကျင်းပပြုလုပ်ခဲ့သော (၁၈)ကြိမ်မြောက်အာရှ ဘိလိယက် ပြိုင်ပွဲတွင် ပထမဆု ရွှေတံဆိပ်ဆုရရှိခဲ့သော အာရှချန်ပီယံ နေသွေးဦးကို ဂုဏ်ပြုဆုငွေကျပ် (၁၂၅)သိန်း ပေးအပ်ချီးမြှင့်ပြီး အာရှ ချန်ပီယံနေသွေးဦး  က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆုရအားကစားသမားများနှင့်အတူ မှတ်တမ်း ဓါတ်ပုံရိုက်ကာ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)