(၁၉၂)ကြိမ်မြောက် ကရင်ရိုးရာ နယ်လုံးကျွတ်မီးပုံပွဲတော် မုခ်ဦးဖွင့်ပွဲ၊ ရိုးရာဒုံးယိမ်းပြိုင်ပွဲဖွင့်ပွဲနှင့် သက်ကြီးပူဇော်ပွဲ ကျင်းပ

ကော့ကရိတ် ၂ ဖေဖော်ဝါရီ


ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ကရင်ရိုးရာ နယ်လုံးကျွတ်မီးပုံပွဲတော်၏ မုခ်ဦးဖွင့်ပွဲ၊ ရိုးရာဒုံးယိမ်းပြိုင်ပွဲ ဖွင့်ပွဲနှင့် သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၉ ရက် ညနေ ၆နာရီက ကျင်းပခဲ့သည်။

 

ဖွင့်ပွဲအခမ်းအနားသို့ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊ ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ KNU ကရင်အမျိုးသားအစည်းအရုံးမှ ပဒိုစောသမိန်ထွန်း၊ KNU-KNLA (PC)မှ (JMCU)အဖွဲ့ဝင်၊ DKBA ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်မှ စောကျော်သန်းဌေး၊ ကချင်တိုင်းရင်းသားခေါင်းဆောင်နှင့် ပါတီတာဝန်ခံ၊ကော့ကရိတ်ခရိုင် အုပ်ချုပ်ရေးမှူး၊ ညီနောင်ဦးကုမ္ပဏီဥက္ကဋ္ဌတို့က မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

 

ဆက်လက်၍ ကရင်ရိုးရာဒုံးယိမ်းပြိုင်ပွဲအား စစ်ကိုင်းတိုင်းဒေသကြီး ဓမ္မသုခကျောင်း ဆရာတော် ဦးသေဌိလ၊ သီတဂူဗုဒ္ဓတက္ကသိုလ်မှ အရှင်ခေမာစာရ၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မှန်စီတိုက် ကျောင်းဆရာတော် ဦးဥက္ကံသနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဆက်လက် ဖွင့်လှစ်ပေးခဲ့သည်။

 

ထို့နောက် ကော့ကရိတ်မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား ကန်တော့ပွဲ ဆက်လက်ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ်အဆင့် တာဝန်ရှိသူများ၊ ပွဲတော်ကျင်းပရေး ကော်မတီဝင်များနှင့် တာဝန်ရှိသူများက အဘိုးအဘွား ၁၀၈ ဦးတို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ၊ ကျန်းမာရေးအတွက်ဆေးဝါးများ၊ ထောက်ပံ့ငွေများ အသီးသီး ပေးအပ်ခဲ့ရာ အဘိုးအဘွားများ၏ကိုယ်စား အဘိုးတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

 

ယင်းနောက် ကချင်ပြည်နယ် မြစ်ကြီးနားရိုးရာယဉ်ကျေးမှု အကအဖွဲ့က အဆိုအက များဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး ကရင်ရိုးရာ ယဉ်ကျေးမှုဒုံးယိမ်းအဖွဲ့များက ကပြဖျော်ဖြေ ခဲ့ကြသည်။ အဆိုပါ မီးပုံပွဲကြီးကို ဇန်နဝါရီ ၃၁ ရက် နံနက်၄ နာရီတွင် မီးရှို့ပူဇော်ကြကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)