(၁၉)ကြိမ်မြောက် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ပျော်ပွဲရွှင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

မူဆယ် ၂၅ စက်တင်ဘာ 


(၁၉)ကြိမ်မြောက် မြန်မာ-တရုတ် ဆွေးမျိုးပေါက်ဖော် ချစ်ကြည်ရေးပွဲတော်ကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တက်ဟုန်းပြည်နယ်ခွဲ၊ ရွှေလီမြို့တွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၂)ရက်မှ (၇)ရက်အထိ စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပသွားမည်ဟု သိရသည်။ 


ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးပွဲတော်ကို (၂၀ဝဝ) ခုနှစ်မှ စတင်ကျင်းပလာခဲ့ပြီး မြန်မာနိုင်ငံ၊ မူဆယ်မြို့နယ်စပ်ဒေသ တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံ၊ တယ်ဟုန်းပြည်နယ်၊ တာဝန်ရှိသူများ ပူးပေါင်းမှုဖြင့် (၁၈) ကြိမ်အထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်သည်။ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးပွဲတော်ကို တရုတ်နိုင်ငံ၊ ဗဟိုအစိုးရက အလေးအနက်ထားသည့် ပွဲတော်ဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ၊ တယ်ဟုန်းပြည်နယ်ခွဲ ပါတီကော်မတီနှင့် တယ်ဟုန်းပြည်နယ်ခွဲ၊ ပြည်သူ့အစိုးရတို့က ဦးစီးဦးဆောင်ခဲ့ကြောင်း သိရသည်။ 


တရုတ်ပြည် ကွန်မြူနစ်ပါတီ၊ ရွှေလီမြို့ ပြည်သူ့အစိုးရတို့က ပွဲတော်ဖြစ်မြောက်နိုင်ရေးကို တာဝန်ယူဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံ၊ မူဆယ်မြို့၊ တာဝန်ရှိသူများကလည်း ပြိုင်ပွဲတွင် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးသည်။ မြန်မာ-တရုတ်နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးပွဲတော်ကို နိုင်ငံတကာမှ စိတ်ဝင်စားသည့် ပွဲတော်လည်းဖြစ်သည်။


ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးပွဲတော်ကို မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရေး ရေရှည်တည်တံ့ခိုင်မြဲလာစေရန်၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် အားကစားကဏ္ဍများကို အချင်းချင်းဖလှယ်ပြီး ပိုမိုမြှင့်တင်နိုင်ရန်အတွက် ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်သည်။ ချစ်ကြည်ရေးပွဲတော်တွင် မြန်မာ-တရုတ် ဘောလုံးပြိုင်ပွဲ၊ ခြင်းလုံးပြိုင်ပွဲ အပါအဝင် အားကစားပြိုင်ပွဲပေါင်းစုံ ကျင်းပသွားမည်ဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် နှစ်(၇၀)ပြည့် အထိမ်းအမှတ်နှင့် တိုက်ဆိုင်စွာ ကဗျာ၊ လင်္ကာရွတ်ဆိုပြိုင်ပွဲ၊ ကျောက်မျက်ရတနာနှင့် မဟော်ဂနီပွဲတော်၊ မြန်မာနိုင်ငံ မူဆယ်-တရုတ်နိုင်ငံ၊ ရွှေလီနှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် စက်ဘီးပြိုင်ပွဲ၊ မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးပွဲတော်ည ခေါင်းစဉ်ဖြင့် အနုပညာဖျော်ဖြေရေးပွဲတော်၊ မြန်မာ-တရုတ် ရိုးရာဓလေထုံးတမ်းများကို ဖော်ကျူးသည့် နွားလှည်းပြပွဲတော်၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကများဖြင့် လှည်းလည်ခြင်းပွဲတော်၊ ငါးဖမ်းပြိုင်ပွဲ၊ ကျွဲကောသီးလုပြိုင်၊ ဘီယာတေးဂီတပွဲ၊ မြန်မာ-တရုတ် အစားအသောက် ဈေးရောင်းပွဲတော်၊ ကုန်စည်ပြပွဲ၊ ခရီးကြမ်းကားမောင်းပြိုင်ပွဲနှင့် အစရှိသည့် ပွဲတော်(၁၅)မျိုးကို စည်ကားသိုက်မြိုက်စွာဖြင့် ပြုလုပ်ကျင်းပသွားမည်ဟု သိရသည်။


ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)