၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ဖရန့်ဖက်အသင်းကို ဘိုင်ယန်မြူးနစ်အသင်း အိမ်ကွင်းပထမဆုံးရှုံးပွဲကြုံ

ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဖရန့်ဖက်အသင်းတို့ အောက်တိုဘာ ၃ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျာမန်ဘွန်ဒက်လီဂါ ပွဲစဉ်(၇)မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ဖရန့်ဖက်အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့် ခဲ့ပါတယ်။

ဦးဆောင်ဂိုးစတင်ရရှိ အဲဒီပွဲစဉ်မှာ အိမ်ရှင်အဖြစ်ဧည့်ခံကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ပထမ ပိုင်း ပွဲကစားချိန် ၂၉ မိနစ်မှာ လီဝန်ဒိုစကီးရဲ့ ဖန်တီးပေးမှုကနေတစ်ဆင့် ဂိုရက်ဇ်ကာက တစ်ဂိုးသွင်းယူ ပေးခဲ့တာကြောင့် ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး ဖရန့်ဖက်အသင်းကတော့ ပွဲကစားချိန် ၃၂ မိနစ်မှာ အသင်းခေါင်းဆောင် မာတင်ဟင်တီရက်ဂါရဲ့ သွင်းဂိုး၊ ပွဲကစားချိန် ၈၃ မိနစ်မှာ ကော့စတစ်ရဲ့ သွင်းဂိုး တွေရရှိခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ပထမဆုံးအကြိမ်ရှုံးနိမ့်

ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဖရန့်ဖက်အသင်းကို ရှုံးနိမ့်ခဲ့ခြင်းဟာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ဘိုင်ယန်မြူးနစ်အသင်းရဲ့ အိမ်ကွင်းမှာ ဖရန့်ဖက်အသင်းကို ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းဟာ အိမ်ကွင်း အလိုင်းရန့် အရီနာမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်စုစုပေါင်း ၃၀ မှာ ပထမဆုံးအကြိမ် ရှုံးပွဲကြုံခဲ့တာလည်း ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဖရန့်ဖက်အသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် ဂျာမန်ဘွန်ဒက်လီဂါပြိုင်ပွဲမှာ အမှတ်ပေးဇယားထိပ်ဆုံးကနေ ဆက်လက်ဦးဆောင် ခွင့်ရရှိနေတာလည်းဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းဟာ ဘွန်ဒက်လီဂါပွဲစဉ်ခုနှစ်ပွဲကစားပြီးချိန်မှာ ရမှတ်စုစုပေါင်း ၁၆ မှတ်ရရှိထားပြီး အမှတ်ပေး ဇယားတတိယနေရာက ဒေါ့မွန်အသင်းနဲ့ တစ်မှတ်အကွာအနေအထားမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ အောက်တိုဘာ ၃ ရက် ညပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘွန်ဒက်လီဂါ ပွဲစဉ်တွေထဲမှာ ယူနီယန်ဘာလင်အသင်းက မိန့်ဇ်အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး လေဗာ ကူဆင်အသင်းက အာမီနီယာအသင်းကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

လေဗာကူဆင်အသင်းဟာ အခုပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက ဘိုင်ယန်မြူးနစ်အသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ အမှတ်ပေးဇယားဒုတိယနေရာမှာ ရပ်တည်ခွင့်ရရှိ ခဲ့တာဖြစ်ပါတယ်။

ငွေကြယ်