၂၀၁၅ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော် ၂၃  ဖေဖော်ဝါရီ

 

အားကစားမြှင့်တင်ခြင်းနှင့် စွမ်းဆောင်နိုင်မှုများသည် အမျိုးသားရေး ဂုဏ်သိက္ခာကို မြှင့်တင် ပေးနေသကဲ့သို့ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက် နေခြင်းလည်းဖြစ်ကြောင်း၊ အားကစား အောင်မြင်မှုသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှု အဆင့်အတန်း ရောင်ပြန်ဟပ်စေပြီး လူမျိုး၏ ဂုဏ်သိက္ခာ အဆင့်အတန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ညွှန်းနေကြောင်း၊ အလားတူ တပ်မတော်သား အားကစား သမားများ၏ အားကစား အောင်မြင်မှုများသည်လည်း  တပ်မတော်၏ ဂုဏ်သိက္ခာနှင့် စွမ်းရည်ထက်မြက်မှုကို ဖော်ညွှန်းပြသလျက်ရှိကြောင်း၊ ထို့အပြင် ကျစ်လျစ်ခိုင် မာသည့် တပ်တွင်းစည်းလုံးညီညွတ်မှု၊ စိတ်ဓာတ်ခိုင်မာမှု၊ ဇွဲသတ္တိပြည့်ဝမှု၊ စည်းကမ်း ကောင်းမွန်မှု၊ ရည်မှန်းချက်ပြီးမြောက်အောင်ဆောင်ရွက်တတ်မှု၊ စိတ်ဓာတ်နှင့် ဓလေ့စရိုက် ကောင်းများကို ဖော်ညွှန်းနေကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိ တပ်မတော် အားကစား ကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၁၅ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။

 

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ တပ်နယ်(၆)ခုမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နေပြည်တော်စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ မြို့နယ်များမှ စစ်မှုထမ်း ဟောင်း အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းအဖွဲ့က ကွင်းအတွင်း ဝင်ရောက် နေရာယူပြီး စစ်ရေးပြမှူးကြီး ဦးဆောင်သော အလံတော်အဖွဲ့နှင့် အားကစားအသင်း ၁၇ သင်းမှ အားကစားသမားများ နေရာယူကြသည်။

 

ထို့နောက် ၂၀၁၅ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာပြီး တပ်မတော်အားကစားနှင့် ကာယပညာ အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ စစ်ရေးချုပ် ဗိုလ်ချုပ်ဆန်းဦးက ဖွင့်ပွဲစာတမ်း မိုးပျံပူပေါင်းများအား ဖဲကြိုးဖြတ်၍ လွှတ်တင်သည်။

 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၁၅ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းပြောကြားရာတွင် “ကျန်းမာကြံ့ခိုင်၊ ပြည်မဏ္ဍိုင်၊ ကြံ့ခိုင်ကိုယ်လက်၊ တိုင်းပြည်အတွက်” ဆိုသည့် တပ်မတော် ကြံ့ခိုင်ရေးဆောင်ပုဒ်သည် တပ်မတော်က အစဉ်အဆက် လိုက်နာ ကျင့်သုံးခဲ့သော ဆောင်ပုဒ်ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို အဓိကထား ထမ်းဆောင်ရမည့် အဖွဲ့အစည်းပီပီ နိုင်ငံတော်ကို လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝစွာ ကာကွယ် သွားနိုင်ရေး စဉ်ဆက်မပြတ် လေ့ကျင့်လျက်ရှိကြောင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ များသည် တပ်မတော်၏ ကိုယ်ကာယ ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ရေးသာမက တပ်မတော်၏ အဖွဲ့အစည်းစိတ်၊ ရဲဘော်စိတ် နှင့် ပူးပေါင်း ဆောင်ရွက်လိုစိတ်များကိုပါ လက်တွေ့ပြသ လေ့ကျင့် ပေးနေခြင်း ဖြစ်ကြောင်း။

 

အဖွဲ့လိုက် အားကစားစွမ်းရည်များ၊ တစ်ဦးချင်း အရည်အသွေးများလည်း သက်ဆိုင်ရာ အားကစားနည်းများအလိုက် တိုးတက်သည်ထက် တိုးတက်နေအောင် ကြိုးစားနေကြရ မည်ဖြစ်ကြောင်း၊ စိတ်ဓာတ်၊ စည်းကမ်း၊ ဇွဲ့လုံ့လ၊ ဝီရိယအားများနှင့် ကြိုးစား ယှဉ်ပြိုင်ကြပြီး တပ်မတော်အားကစားအဆင့်အတန်း မြင့်မားရေးအတွက် မြှင့်တင် သွားကြရမည်ဖြစ်ကြောင်း၊ ထူးချွန်ထက်မြက်သည့် တပ်မတော်သား အားကစား သမားဘဝမှ နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ လက်ရွေးစင် အားကစားသမား အဆင့်ထိ ရောက်ရှိအောင် ဆက်လက် ကြိုးစားသွားရန် လိုကြောင်း၊ မြန်မာနိုင်ငံ ဘောလုံး ရွှေခေတ်တွင် အရှေ့တောင်အာရှ အဆင့်မြင့်ဆုံးဖလား ဖြစ်သည့် မာဒေးကား ဖလားရခဲ့စဉ်က ဘောလုံးအားကစားသမား ၁၁ ဦးအနက်မှ ၈ ဦးသည် တပ်မတော်သား များဖြစ်ကြကြောင်း၊ မြန်မာ့အားကစားအောင်မြင်မှု သမိုင်းမှတ်တမ်း များကို လေ့လာ ကြည့်လျှင် မိမိတို့ တပ်မတော်သား အားကစားသမား များ၏ စွမ်းဆောင်နိုင်မှုသည် ဂုဏ်ယူဖွယ်ရာ တွေ့ရှိကြမည်ဖြစ်ကြောင်း။

 

အထူးသဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ရင်း ခန္ဓာကိုယ် အစိတ်အပိုင်းများ ပေးဆပ်စွန့်လွှတ်ခဲ့ရသည့် တပ်မတော်သားများသည် နိုင်ငံတကာ မသန်စွမ်း အားကစား ပြိုင်ပွဲများတွင် ဆုတံဆိပ်ပေါင်း များစွာ ရယူပေးခဲ့ပြီး မသန်သော် လည်း စွမ်းကြသည်ကို ပြသခဲ့ကြကြောင်း၊ ၎င်းသည် တပ်မတော်၏ စိတ်ဓာတ်နှင့် စွမ်းရည်ထက်မြက်မှု များကြောင့်ပင်ဖြစ်ကြောင်း။

 

နိုင်ငံတော်အစိုးရသည် အားကစားကဏ္ဍ တိုးတက်လာရေးအတွက် ငွေအား၊ လူအား၊ ပစ္စည်းအား၊ နည်းပညာအားများဖြင့် ကြိုးပမ်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အားကစားနည်းအလိုက် အဆောက်အအုံနှင့် နိုင်ငံတကာအဆင့်မီ အားကစားကွင်း များကို တည်ဆာက်ပေးလျက်ရှိကြောင်း၊ အားကစားကို ချစ်မြတ်နိုးသည့် စီးပွားရေး လုပ်ငန်းရှင်များနှင့် ဝါသနာရှင်များကလည်း နိုင်ငံတော်နှင့် ပူးပေါင်းပြီး အားပေးမြှင့်တင်ခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြ သည်ကို အားရဖွယ် တွေ့မြင်နေကြ ရပြီဖြစ်ကြောင်း၊ အားကစား မြှင့်တင်ခြင်းတွင် အားပေး ကူညီခြင်း သည်လည်း အထူးလို အပ်ကြောင်း၊ ရဲဘော်တို့အနေဖြင့် တပ်မတော် အားကစား ပြိုင်ပွဲများတွင် စွမ်းအားရှိသမျှ ယှဉ်ပြိုင်ကစားခြင်းဖြင့် ထူးချွန်ထက်မြက် အောင်ပွဲဆက် နိုင်သည့်နိုင်ငံ့ လက်ရွေးစင် အားကစားသမားများ ဖြစ်လာနိုင်သည့် အခွင့်အလမ်း ကောင်း မြင်တွေေ့ နပြီဖြစ်၍ ကြိုးစားယှဉ်ပြိုင်ကစားသွားကြရန် လိုအပ်ကြောင်း၊ အောင်ပွဲခံ အားကစား သမား တစ်ယောက်ဖြစ်ရန် လိုအပ်သည့် စိတ်ဓာတ်နှင့် စည်းကမ်းသည် တပ်မတော်သား တိုင်းအတွက် အခြေခံအားဖြင့် ပြည့်ဝထားပြီးသား ဖြစ်ကြောင်း၊ တပ်မတော် ဂုဏ်ထူးဆောင် လက်ရွေးစင်အားကစား သမားများမှသည် နိုင်ငံ့ ဂုဏ်ထူးဆောင် လက်ရွေးစင်အားကစား သမားများဖြစ်စေရေး တပ်မတော်က လေ့ကျင့်ပေးထားသည့် အခြေခံစိတ်ဓာတ်၊ စည်းကမ်းများနှင့် အညီ ပါဝင်ယှဉ်ပြိုင် သွားကြရန် လိုကြောင်းဖြင့် ပြောကြားသည်။

 

ထို့နောက် တပ်တော်ကာကွယ်ရေးဦးစီးချုပ်အား စစ်ရေးပြမှူးကြီး ဦးဆောင်သော အလံတော် အဖွဲ့နှင့် အားကစားအသင်း ၁၇သင်းတို့က စစ်ကြောင်းပုံဖြင့် ချီတက် အလေးပြုကြသည်။

 

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တက်ရောက်လာကြသူများက (က) အဆင့် ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲဖြစ်သော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုအသင်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်အသင်း ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှု အားပေးကြသည်။

 

 (မြဝတီ)