၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ မတ် ၂၃ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပမည်

ရန်ကုန် ၁၉ ဖေဖော်ဝါရီ

 

၂၀၁၇  ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ  အခမ်းအနားကို  မတ် ၂၃  ရက်တွင် ရန်ကုန်မြို့ မင်းဓမ္မလမ်းပေါ်ရှိ Myanmar Event Park (MEP) ၌ ကျင်းပသွားမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ နာယက ဦးနှင်းမိုးက ပြောသည်။ " ဒီနှစ်အကယ်ဒမီပေးပွဲက မတ် ၂၃ ရက်နေ့ပြုလုပ်မှာပါ၊ ပြုလုပ်မယ့်နေရာကတော့ Myanmar Event Park (MEP) မှာ ပြုလုပ်မှာပါ၊ ဒီနှစ်မှာ အကယ်ဒမီတန်းဝင်တဲ့ ဇာတ်ကားတွေထဲက ဆန်ခါတင်စာရင်းကို ကြိုပြီး ထုတ်ပြန်တာမျိုးတော့ မလုပ်ဘူး၊ ဆုပေးတဲ့နေ့မှ ဖွင့်ဖောက်ကြေညာပေးမယ်" ဟု ၎င်းကပြောသည်။ ထို့ပြင် ယခုနှစ် အကယ်ဒမီပေးပွဲအတွက် အကယ်ဒမီ ရွှေကြယ်ကိုလည်း  ယခင်နှစ်များက နှစ်ကျပ်သား ချီးမြှင့်ခဲ့ရာမှ ယခုနှစ်တွင် ငါးကျပ်သား  ပေးအပ်ချီးမြှင့်သွားမည် ဖြစ်သည့်အပြင် အထူးဆုနှင့်  တစ်သက်တာ ထူးချွန်ဆုများကိုလည်း ပေးအပ်ချီးမြှင့်သွားမည်ဟု သိရသည်။  မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဒု-ဥက္ကဋ္ဌ ဦးအေးကြူလေးက "ဆုကတော့ အားလုံးပေါင်း ၁၃ ဆု ပေါ့၊ ပုံမှန်ပေးနေကျ ၁၁ ဆုကို အထူးဆုနဲ့ တစ်သက်တာ ထူးချွန်ဆု ထပ်ပေါင်းလိုက်တာပါ၊ ရွှေက အရင်နှစ်ကျပ်သားကို ဒီနှစ်မှာ ငါးကျပ်သားပေးမယ်၊ တစ်သက်တာ ထူးချွန်ဆုအတွက်က တစ်လငါးသိန်း ပုံမှန်ပေးအပ်သွားမယ်" ဟု ပြောသည်။

 

၂၀၁၇ နှစ်အတွက်  အကယ်ဒမီ စာရင်းဝင် ဇာတ်ကား အရေအတွက်မှာ ယခင်နှစ်များထက် ပိုမိုများပြားခဲ့ပြီး   စုစုပေါင်း အရေအတွက် ၅၃ ကားရှိသည့်အပြင် ယင်းတို့အနက်မှ  စံနှုန်း သတ်မှတ်ချက် ပြည့်မီသည့်  ဇာတ်ကားမျိုးကိုသာ ရွေးချယ်သွားမည်ဖြစ်ကြောင်း အကယ်ဒမီ  စိစစ် ရွေးချယ်ရေး အကဲဖြတ်အဖွဲ့ဝင် ဒါရိုက်တာ စည်သူဦးကြည်စိုးထွန်းက ပြောသည်။ "လောလောဆယ်တော့ ပြန်ကြည့်နေတုန်းပဲ။ ဘယ်ကားကို Nominate လုပ်မယ်ဆိုတာတော့ အစည်းအဝေးကပြောမှ ရမယ်ထင်တယ်၊ သရုပ်ဆောင်ဖြစ်စေ၊ ဒါရိုက်တာဖြစ်စေ၊ အသံပိုင်းဖြစ်စေ စံသတ်မှတ်ချက်တွေရှိတယ်၊ အဲဒီ စံသတ်မှတ်ချက်တွေ အတိုင်းပဲ ပေးသွားမယ်၊ စံဝင်ရင်တော့ ရမှာပဲ၊ တစ်သက်တာဆုကတော့ အသက်ကြီးရမယ်၊  ရုပ်ရှင်လောကကို အကျိုးပြုတဲ့သူဖြစ်ရမယ်၊  ထူးထူးခြားခြား ဂုဏ်ဒြပ်တွေရှိတဲ့သူဖြစ်ရမယ်၊ အဲဒီလိုပုဂ္ဂိုလ်မျိုးဆိုရင် ပရိသတ်လည်း ကျေနပ်မယ်ထင်ပါတယ်" ဟု ၎င်းကပြောသည်။

 

ယခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားအတွက် Forever Group က တာဝန်ယူ ကျင်းပပေးသွားမည်ဖြစ်ပြီး ခန့်မှန်း ကုန်ကျစရိတ် အနေဖြင့်   ကျပ်သိန်း ၃၀ဝ၀ ခန့် သုံးစွဲသွားမည်ဟု သိရသည်။      


             
ဌေးမမ