၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

တောင်ကြီး ၂၆ မေ 

၂၀၁၈-၂၀၁၉ ပညာသင်နှစ် ရှမ်းပြည်နယ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် တောင်ကြီးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ၂၀၁၈-၂၀၁၉ပညာသင်နှစ် ရှမ်းပြည်နယ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး အမှတ်(၅)အခြေခံပညာ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "ကျောင်းအပ်စို့လေ" သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြသည်။

ထို့နောက် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပညာရေးကဏ္ဍသည် နိုင်ငံသူ နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သည့်အတွက် အားလုံးက ညီညီညွတ်ညွတ်ဖြင့် အင်တိုက်အားတိုက် လက်တွဲပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ သို့မှသာ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းသို့ရောက်ရှိလာမည် ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူ အချင်းချင်း ခွဲခြားဆက်ဆံမှု မရှိရေးကိုလည်း မိဘများနှင့် ဆရာ၊ ဆရာမများက ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မိဘများအနေဖြင့် ကိုယ်ကျိုးစီးပွားအတွက် မဟုတ်ဘဲ ကျောင်းသား၊ ကျောင်းသူများ၏ အကျိုး၊ မိဘများ၏အကျိုး၊ ကျောင်းများ၏ အကျိုးအတွက် ပူးပေါင်းဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ သို့မှသာ "ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေရေး မိဘပြည်သူဝိုင်းကူပေး" ဆောင်ပုဒ်နှင့် "မိဘဆရာပူးပေါင်း ကလေးပညာကောင်း" ဆိုသည့် ဆောင်ပုဒ်များနှင့်အညီ ဆရာ၊ ဆရာမများ၊ မိဘများက လေးစားလိုက်နာ ကျင့်သုံးပြီး ပညာရေးဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါ ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က အမှာစကားပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေး သီတင်းပတ်ကို ယခုနှစ် မေ ၂၅ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် အခြေခံပညာကျောင်းများတွင် ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများ အနေဖြင့် ငွေကြေးကောက်ခံခြင်း မပြုရန်၊ ကျောင်းတံဆိပ် ရောင်းချခြင်းများ မပြုလုပ်ရန် လိုအပ်ပါကြောင်း၊ အသက် ၅ နှစ်ပြည့်သူတိုင်း စနစ်သစ် KG တန်းတွင် လည်းကောင်း၊ အသက်၆နှစ် ပြည့်သူတိုင်းအား စနစ်သစ် Grade-1 တွင် လည်းကောင်း၊ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ် လက်ခံဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် စနစ်ဟောင်း စတုတ္ထတန်း(Grade-5)တွင် တက်ရောက် ပညာ သင်ယူရမည့် ကျောင်းသား၊ ကျောင်းသူများသည် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် စနစ်သစ် ဆဋ္ဌမတန်း(Grade-6)တွင် ပညာသင်ယူရမည်ကို အသိပေးတင်ပြလိုပါကြောင်း၊ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေးနှင့် ကျောင်းထွက်သူ ပပျောက်ရေး ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်နယ်အစိုးရအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ မိဘအုပ်ထိန်းသူနှင့် ပြည်သူများ အားလုံးက ပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်နယ်ပညာရေးမှူး (ညွှန်ကြားရေးမှူး) ဦးဝင်းမောင်က ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အလှူရှင်များက အခြေခံပညာကျောင်းများအတွက် အလှူငွေများအား ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရှမ်းပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာ လင်းထွဋ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁၀)အခြေခံပညာ အထက်တန်းကျောင်း၊ အေးသာယာမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရွှေညောင်မြို့ အခြေခံပညာအထက်တန်း ကျောင်း၊ တောင်လေးလုံး အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)များသို့ သွားရောက်၍ ကျောင်းအပ်နှံရေး သီတင်းပတ်လုပ်ငန်း ဆောင်ရွက်နေမှုများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)