၂၀၁၈ ဘဏ္ဍာရေးနှစ်ကစပြီး အိမ်သုံးမီတာများရဲ့ ဈေးနှုန်းများကို လျှော့ချနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ

နေပြည်တော် ၂၆ ဇန်နဝါရီ

 

လာမယ့် ၂၀၁၈ ဘဏ္ဍာရေးနှစ်ကနေစပြီး မီတာအမျိုးအစား သုံးမျိုးအလိုက် အိမ်သုံးမီတာများရဲ့ ဈေးနှုန်း များကို စိစစ်လျော့ချနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားခဲ့ပါတယ်။

 

တမူးမဲဆန္ဒနယ်မှ ဦးနိုင်နိုင်ဝင်း မေးမြန်းတဲ့ မြန်မာနိုင်ငံအတွင်း ဖြန့်ဝေတပ်ဆင်အသုံးပြုနေသော အိမ်သုံး လျှပ်စစ် ဒီဂျစ်တယ်မီတာ (Ever တံဆိပ်) များအား ဈေးနှုန်းစိစစ်လျှော့ချပြီး ရောင်းချပေးရန် ဆောင်ရွက် ပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းမှုကို ယနေ့ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်း အဝေး သတ္တမနေ့ မှာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

 

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်းမှာ ပွင့်လင်းမြင်သာမှုနဲ့ မျှတတဲ့ ယှဉ်ပြိုင်မှုများ ဖြစ်စေရန်အတွက် တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ပြီး ဈေးပြိုင်စနစ်နဲ့ ပေးသွင်းလာသော မီတာများအနက် နည်းပညာနဲ့ အရည်အသွေး ကောင်းမွန်ကာ ဈေးနှုန်းပိုမိုသက်သာတဲ့ မီတာများဝယ်ယူရရှိရေးကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောပါတယ်။

 

မြန်မာနိုင်ငံအတွင်း ဖြန့်ဝေတပ်ဆင်အသုံးပြုနေသော အိမ်သုံးလျှပ်စစ် ဒစ်ဂျစ်တယ်မီတာ (Ever တံဆိပ်)များ သည် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ ကိုရီးယားနည်းပညာအသုံးပြုပြီး ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ တမူးမဲဆန္ဒနယ်မှ ဦးနိုင်နိုင်ဝင်းက ပြောပါတယ်။

 

Analog Meter တွေကို ဒစ်ဂျစ်တယ်မီတာပြောင်းလဲဖို့အတွက် Ever တံဆိပ် Digital Meter  အလုံးရေ ၅ သန်းကို ကုမ္ပဏီမှ ၂၀၁၇ ခုနှစ်ထိ ရောင်းချခွင့်ရထားတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်း က ဆိုပါတယ်။

 

လက်ရှိတွင် မြန်မာနိုင်ငံမှာ Analog Meter အလုံးရေ ၂၄၅၀ဝဝဝ ကျော်ရှိတယ်လို့ သိရပါတယ်။

 

မျိုးထက်ဦး(MDN)