၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ကတည်းက ကျွန်တော်တို့ဘက်က ပြန်လည်လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီ

နေပြည်တော် ၅ ဧပြီ

 

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) ကော်မတီက ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်းစဉ်များချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စပ်လျဉ်းပြီး လက်ရှိ အခြေအနေအထိ ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်နေမှုများ၊ မောင်တောဒေသ၏ နယ်မြေအခြေအနေ၊ တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားသူများအား ပြန်လည်လက်ခံရေး ဆောင်ရွက်ထားရှိမှု စသည်တို့နှင့် ပတ်သက်၍ သိရှိနိုင်ရန် UEHRD ညှိနှိုင်းရေးမှူးချုပ် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်အား တွေ့ဆုံမေးမြန်း ထားပါသည်။

 

မေး။ ။ UEHRD က ရခိုင်ပြည်နယ် မောင်တောဒေသမှာ ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေကို သိပါရစေ။

ဖြေ။ ။ ကျွန်တော်တို့အနေနဲ့ လုပ်ငန်းစနေတာ ၂၀၁၇ ခုနှစ်  အောက်တိုဘာလ ၁၇ ရက်နေ့ကတည်းက ဖြစ်ပါတယ်။ အခြေခံ အလုပ်တာဝန်သုံးရပ် ရှိပါတယ်။ တစ်ခုက လူသားချင်းစာနာမှု၊ နောက်တစ်ခုက ပြန်လည်နေရာချထားရေး၊ နောက်ဆုံးကတော့ ဖွံ့ဖြိုးမှု ဖြစ်ပါတယ်။ ဒါကြောင့်လည်း HRD လို့ခေါ်တာပါ။ ပထမဆုံးအနေနဲ့ သိဖို့လိုတာတော့ HRD လုပ်ငန်းတာဝန်သုံးရပ်ကို လုပ်ပေမယ့် လုပ်တဲ့ပုံစံက ကျွန်တော်တို့နိုင်ငံမှာ တစ်ခါမှ မလုပ်ဖူးသေးတဲ့ ပုံစံမျိုး၊ ပြောရရင် ပုဂ္ဂလိကကဏ္ဍ ပါဝင်ဆောင်ရွက်နေတယ်။ ပြည်ထောင်စု အဆင့်ဆိုတာထက်ကို ညီညွတ်မှု ပူးပေါင်းဆောင်ရွက်မှု၊ အဓိပ္ပာယ်ကတော့ နိုင်ငံတော်အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍပေါင်းပြီး ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အခြေအနေတစ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ လူသားချင်း စာနာမှုတွေ၊ ပြန်လည် နေရာချထားရေးတွေ၊ ဖွံ့ဖြိုးရေးကိစ္စတွေ ဆောင်ရွက်နေတာပါ။ 

 

အရေးကြီးတဲ့အလုပ်

အဲဒီတော့ တုံ့ပြန်ရေးကိစ္စတွေအပေါ်မှာ ထူးခြားတာက အရင်တုန်းက ဒီလို အရေးအခင်းတွေဖြစ်နေရင် များသောအားဖြင့် တုံ့ပြန်မှုဟာ နိုင်ငံတော်အစိုးရရဲ့ တုံ့ပြန်မှုပဲ။ အစိုးရက ဦးစီးပြီးလုပ်တယ်။ ဒီတစ်ခေါက် ကတော့ သိသာထင်ရှားအောင်ဆိုပြီး အမျိုးသားတုံ့ပြန်မှု၊ အမျိုးသား တုံ့ပြန်မှုလို့ပြောရင် နိုင်ငံတော်အစိုးရက ဦးစီးတယ်ဆိုပေမယ့် ပုဂ္ဂလိကကဏ္ဍ၊ အရပ်ဘက် လူ့အဖွဲ့အစည်း၊ မီဒီယာ၊ လူငယ်တွေ အားလုံး ပါဝင်ပါတယ်။ ကျွန်တော်တို့ ဒီသုံးရပ်ကို လုပ်တဲ့အခါ ကနဦးကတည်းက ရင်ဆိုင်ရတဲ့ ဝိရောဓိကတော့ အဲဒီမှာ ဖြစ်တဲ့ပြဿနာဟာ အရေးပေါ်လုပ်ရတာတွေက အများကြီး။ တစ်ဖက်မှာလည်း အရေးပေါ် တာဝန်ကို ယူနေရတဲ့အချိန်မှာ အရေးကြီးတဲ့ အလုပ်ကိုလည်း အာရုံမပျက်ဖို့ လိုတယ်၊ ကျွန်တော်တို့မှာလည်း အမြဲတမ်း ဒီနှစ်ခု စနေရတာ၊ အရေးပေါ်တဲ့ အလုပ်ကို လုပ်ရမယ်၊ အရေးကြီးတဲ့ အလုပ်ကိုလည်း လုပ်ရမယ်။

 

အရေးပေါ်လို့ပြောရင် တစ်ဖက်နိုင်ငံကို ရောက်သွားတဲ့သူတွေ ပြန်လာတဲ့အခါမှာ အဆင်သင့်ဖြစ်အောင် ကျွန်တော်တို့က နိုင်ငံတော် အစိုးရအနေနဲ့ နှစ်နိုင်ငံ သဘောတူစာချုပ် ပါရှိထားပြီးတော့ ကျွန်တော်တို့ ထွက်ထွက်ချင်း စိန်ခေါ်မှုက ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ သူတို့ပြန်လာလို့ ရတယ်ဆိုတာကို သဘောတူထားတော့ လုပ်တဲ့အခါမှာလည်း အရင်တုန်းက လုပ်ခဲ့တာတွေကို သင်ခန်းစာယူပြီး ငါးခူရ လက်ခံရေးစခန်းနဲ့ တောင်ပြို လက်ခံရေးစခန်းတို့ကို ကျွန်တော်တို့ အဆင်သင့်ဖြစ်အောင် လုပ်ထားတယ်။

 

တစ်ဖက်က လက်ခံရေးစခန်းတွေ လုပ်ထားပြီးတဲ့အခါမှာ တစ်ဆက်တည်းမှာပဲ သူတို့ကို ပြန်လည် နေရာချထားဖို့ ဆိုပြီးလုပ်ရပြန်ရော၊ နောက်ဆုံးမှာတော့ သူတို့ကို နဂိုရှိတဲ့နေရာနဲ့ အနီးစပ်ဆုံးနေရာကို ပို့ဖို့ ကျွန်တော်တို့က အားလုံးစိုင်းပြင်း နေရတာ၊ ခုနပြောတဲ့ လက်ခံရေးစခန်း နှစ်ခုကို အဆင်သင့်ဖြစ်အောင် လုပ်ဖို့ရယ်၊ ကြိုဆိုရေးစခန်းဖြစ်အောင် လုပ်ဖို့ကို ကျွန်တော်တို့ နားလည်တာက ရခိုင်ပြည်နယ်ကို ပြန်လည်ပြီး နဂိုထက်ပိုကောင်းတဲ့ အခြေအနေဖြစ်အောင် အကောင်အထည်ဖော်မယ်၊ အရေးကြီးတဲ့ ကိစ္စကတော့ ဖွံ့ဖြိုးမှုပဲ။

 

စံချိန်မီမီလုပ်ရမယ်

ရခိုင်ပြည်နယ်ဟာ တကယ်တမ်းတော့ အလားအလာ သိပ်ကောင်းတဲ့နေရာ၊ ရခိုင်ပြည်နယ်နဲ့ ပတ်သက်လာရင် အပြင်ကလူတွေ မြင်နေတာက ရခိုင်ပြည်နယ်လို့ ပြောလိုက်ရင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် လောက်ပဲမြင်တာ၊ တကယ်က ရခိုင်ပြည်နယ်ဟာ ၁၇ မြို့နယ် ရှိတယ်။ ရခိုင်ပြည်နယ် တောင်ပိုင်း၊ အလယ်ပိုင်းဆိုပြီး ရှိတယ်။ ရခိုင်ပြည်နယ်ဆို ငပလီက ချက်ချင်းပြေး မမြင်ဘူး။ ရခိုင်ပြည်နယ်လို့ ပြောရင် မြို့ဟောင်းတို့ မြောက်ဦးတို့ ပြေးမမြင်ဘူး။ ရခိုင်ပြည်နယ်လို့ပြောရင် ကျောက်ဖြူစီးပွားရေးဇုန်ကို ပြေးမမြင်ဘူး။ အဲဒီတော့ ကျွန်တော်ပြောချင်တာက ရခိုင်ပြည်နယ်ကို ကြည့်တဲ့အခါမှာ သုံးသပ်တဲ့အခါမှာ ကွက်ပြီး မသုံးသပ်ပါနဲ့၊ ကျွန်တော်တို့ တာဝန်ကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တာဝန်ပေးချက်အရ လုပ်ငန်းသုံးခုကို စံချိန်မီမီ လုပ်ရမယ်။ ပြန်လည်နေရာချထားရေးက အရေးကြီးတယ်။ နောက်တစ်ခါ လူသားချင်းစာနာမှု အရေးကြီးတယ်။

 

ဒီနေရာမှာ ကျွန်တော်တို့အနေနဲ့က ကိုယ့်နိုင်ငံကထွက် သွားတဲ့သူတွေ ပြန်လာဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက စိစစ်တဲ့ အလုပ်တွေလုပ်တယ်။ တကယ်ပဲ ကိုယ့်နိုင်ငံမှာ နေခဲ့တဲ့သူဖြစ်ရင် ကျွန်တော်တို့က နိုင်ငံတကာ စံနှုန်းအတိုင်း လက်ခံပေးဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ဆောင်ရွက်နေတယ်၊ ကျွန်တော်တို့ အနေနဲ့ကတော့ ပုဂ္ဂလိကလုပ်ငန်း ရှင်တွေ၊ ပုဂ္ဂလိက အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီး အဆောက်အအုံတွေ ဆောက်တယ်။ လမ်းတွေဖောက်တယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးတယ်။ ဆရာဝန်ကြီးတွေ သာမကဘူး။ ဆေးကောင်စီတို့၊ မြန်မာနိုင်ငံ ဆရာဝန်များ အသင်းအဖွဲ့ဝင်တွေအပြင် လုပ်ငန်းရှင်တွေကလည်း ကျန်းမာရေး လုပ်ငန်းတွေမှာ ကူညီစောင့်ရှောက်မှု ပေးတယ်။ ထဲထဲဝင်ဝင် လုပ်နေတဲ့ လုပ်ငန်းရှင်တွေ ပါတယ်၊ အဲဒါက အားရစရာပါ။ တစ်ဖက်ကလည်း မောင်တောမှာ အခုဆိုရင် အထူးစီးပွားရေးဇုန်တစ်ခု ဖော်နေတယ်။ ဖော်နေတာလည်း မောင်တောမြို့နယ်ရဲ့ ကုန်သည်ကြီးများ အသင်းဦးစီးပြီး ကျွန်တော်တို့ မြန်မာနိုင်ငံ ကုန်သည်ကြီးများအသင်း အကူအညီနဲ့ မောင်တောမှာ အခုဆိုရင် ဆိပ်ကမ်းက အဆင်သင့်ဖြစ်နေပြီ။ ပစ္စည်းတွေ အားလုံးက အဲဒီကနေတစ်ဆင့် ချက်ချင်းပို့လို့ရပြီ။

 

နောက်တစ်ခု စိုက်ပျိုးရေးကိစ္စ၊ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့ ဖြစ်စဉ် ပြီးတဲ့အခါမှာ ရခိုင်ပြည်နယ်မှာ ဘာသတိထားမိ သလဲဆိုရင် စပါးတွေက မှည့်နေတယ်။ မှည့်တဲ့စပါးတွေကို ရိတ်မယ့်သူက မရှိတော့ဘူး။ ပိုင်ရှင်တွေလည်း မရှိတော့တဲ့ အခါကျတော့ ကျွန်တော်တို့အဖွဲ့ UEHRD အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ စိုက်ပျိုးရေးအဖွဲ့က လိုအပ်တဲ့ အထောက်အကူ ပစ္စည်းတွေနဲ့ ရိတ်သိမ်းတယ်။ ရိတ်သိမ်းတဲ့အခါမှာလည်း အများစွပ်စွဲသလို သိမ်းတာမဟုတ်ဘဲနဲ့ ရိတ်သိမ်းတဲ့ ပမာဏကို စာရင်းဇယားလုပ်တယ်။ အချို့ဟာလည်း ရောင်းရတယ်။ ရောင်းတာကို စာရင်းဇယား မှတ်တမ်းတွေရှိတယ်။ ဝင်ငွေဘယ်လောက်ရတာ ရှိတယ်။ အဲဒီလို လုပ်တဲ့အခါမှာ အကယ်၍ ပိုင်ရှင်တွေက သက်သေအထောက်အထားပြနိုင်ရင် သူတို့စပါးတွေ ပြန်ပေးတာတို့၊ ရတဲ့ဝင်ငွေ ပြန်ပေးတာတို့ လုပ်ပေးဖို့ အစီအစဉ်တွေ ရှိတယ်။

 

အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးရမယ်

နိုင်ငံတော်ရဲ့ တာဝန်ပေးချက်အရလည်း ပြန်လာချင်တဲ့သူတွေ ပြန်လာနိုင်အောင် ကျွန်တော်တို့က ဖန်တီးပေးတယ်။ ရခိုင်ပြည်နယ်မှာ မြို့နယ်သုံးခုမှာ အေးအေးဆေးဆေး နေထိုင်တဲ့သူတွေရှိတော့ အဲဒီနေထိုင်တဲ့သူတွေ ဆက်ပြီးနေထိုင်အောင် ကျွန်တော်တို့က အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးရမယ်။ စီးပွားရေးရှုထောင့်ကကြည့်ရင် ရခိုင်ပြည်နယ်ရဲ့ပြဿနာတွေ အများကြီးထဲမှာ အခြေခံတစ်ခုက စီးပွားရေးမဖွံ့ ဖြိုးတာ၊ အလုပ်အကိုင် ပေးနိုင်မှုတွေ အားနည်းတာ၊ အလုပ်မရှိတော့ တခြားပြဿနာတွေ ပေါ်လာတယ်။ ဝင်ငွေနည်းတော့ ပဋိပက္ခတွေအတွက်ကို အားပေးတာမျိုးတွေ ဖြစ်တယ်။ အဲဒီလိုမျိုးတွေကြောင့် လုပ်ငန်းရှင်တွေနဲ့ တိုင်ပင်ပြီး သူတို့ဆီမှာအလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးနိုင်ရင်၊ ဝင်ငွေတိုးအောင် လုပ်ပေးနိုင်ရင်၊ စက်မှုဇုန်တွေ ဖော်ပေးနိုင်ရင် အခြေအနေတစ်ခုကိုများ ပြောင်းမလားဆိုပြီး ကျွန်တော်တို့က လုပ်ပေးရမယ်။

 

နောက်တစ်ခု သတိထားဖို့က UEHRD နဲ့ အလုပ်လုပ်တဲ့အခါမှာ ပြည်တွင်းရဲ့အမြင်က အရေးကြီးသလို နိုင်ငံတကာ အမြင်ကလည်း အရေးကြီးတယ်။ ကျွန်တော်တို့က နိုင်ငံတကာအမြင်တွေ အားလုံးကို လျစ်လျူရှုပြီး ပြည်တွင်းအမြင်တွေကိုပဲ အာရုံစိုက်ပါဆိုတာ မဖြစ်နိုင်သလို တစ်ဖက်ကလည်း ပြည်တွင်းအမြင်တွေကို မကြည့်နဲ့၊ နိုင်ငံတကာ အခြေအနေကိုပဲ ကြည့်ပါဆိုလည်း မဖြစ်နိုင်သေးဘူး။ ကိုယ့်နိုင်ငံ အချုပ်အခြာအာဏာကလည်း ရှိနေသေးတာကိုး။ အဲဒီအခါမှာ ဦးနှောက်က တော်တော်စားရတယ်။ အဲဒီလို အခြေအနေကျရင် မကျေနပ်တာတွေ ရှိနိုင်တယ်၊ အားမရတာတွေ ရှိနိုင်တယ်။ အားမရတာက နိုင်ငံတကာကလည်း အားမရဘူး။ ပြည်တွင်းကလည်း ကျွန်တော်တို့ကို အားမရဘူး။ အဲဒီတော့ ကျွန်တော်တို့ ကြားထဲမှာ သတိထားရတာပေါ့။

 

ပြန်လည်လက်ခံရေးနဲ့ ပတ်သက်လို့ မေးခွန်းထုတ်တာတွေလည်း ရှိနေတယ်။ ပြန်မလက်ခံပြန်ရင်လည်း မေးခွန်းထုတ်တာတွေ ရှိတာပေါ့။ နိုင်ငံတော်အစိုးရအနေနဲ့ ပြည်တွင်းရဲ့ အမြင်အယူအဆတွေကို သတိထားဖို့ လိုသလို ပြည်ပရဲ့ ဖိအားတွေလည်း ရှိနေတာကိုး။ ကိုယ့်နိုင်ငံက ဖိအားကို မခံနိုင်အောင်အလုပ်နဲ့ သက်သေပြရမယ်။

 

ကျွန်တော်တို့မှာ ပြည်တွင်းမီဒီယာ အနေအထားအနေနဲ့ နိုင်ငံတကာ မီဒီယာကို မလွှမ်းနိုင်ဘူး။ နိုင်ငံတကာ မီဒီယာမှာ ဖော်ပြတဲ့သတင်းတွေက ပုံစံတွေတစ်မျိုး ဖြစ်နေတယ်။ အဲဒီပုံစံတွေကြောင့် ကိုယ့်နိုင်ငံပေါ်မှာ အမြင်တွေ မကြည်လင်တာတွေ၊ အမြင်စောင်းနေတာတွေ ဖြစ်တယ်။ အဲဒီတော့ အခု ကျွန်တော်တို့က အလုပ်နဲ့ပဲ ပြမယ်ဆိုတဲ့အပြင် မဟာဗျူဟာတစ်ခုအနေနဲ့ အပြင်မှာထွက်ပြီးတော့ ပြောကြည့်မယ်၊ ကိုယ့်နိုင်ငံရဲ့ အနေအထားက ဒီလိုရှိတယ်။ အဲဒါတော့ ပကတိအခြေအနေပဲ၊ ရိုးရိုးရှင်းရှင်းပဲ၊ ဖြစ်လာတဲ့ အကြောင်းအရင်းက ဘယ်လိုပါ။ သူတို့စွပ်စွဲသလို အစွန်းရောက်တဲ့ ပုံစံမျိုးမဟုတ်ဘူး။ ဒါပေမယ့် အဲဒီလိုပြောလို့ မရဘူး။ လုပ်ငန်းနဲ့ ပြမှရမယ်။ နှစ်ပိုင်းပေါ့နော်။ အလုပ်နဲ့ကို တတ်နိုင်သမျှ ပြရမယ်။

 

ပုဂ္ဂလိကကဏ္ဍရဲ့ လှုပ်ရှားမှုကအရေးကြီး

ဒီနေရာမှာ ထူးခြားတဲ့ကိစ္စက အခု UEHRD လုပ်ငန်းတွေ လုပ်တဲ့အခါ ဝန်ကြီးဌာနတွေ အကူအညီ အရေးကြီးသလို ပုဂ္ဂလိကကဏ္ဍရဲ့ လှုပ်ရှားမှုက အရေးကြီးတယ်။ သူတို့တွေကနိုင်ငံ့ အရေးကို တကယ့်ကို ဦးထိပ်ထားတဲ့အတွက် “ကျွန်တော်တို့ ဘာလုပ်မလဲ။ ကျွန်တော်တို့ နောက်ကနေပါပြီး လုပ်ပေးမယ်” ဆိုပြီး ပါလာတယ်။ တချို့တွေ ထင်တာကတော့ လုပ်ငန်းရှင်ကြီးတွေက ဒီအခွင့်အရေးတွေကို ယူမယ်။ ဒီနေရာက အခွင့်အရေးတွေယူမယ် အဲဒီလို ထင်နေတာ။ ကျွန်တော်တို့က အစကတည်းက ပြောထားတာ။ ဒီအခွင့်အရေးတွေ ယူမယ်ဆို အစကတည်းက ထွက်လို့ပြောထားတယ်။

ဒီလို အခွင့်အရေးပေးနိုင်တဲ့ အနေအထားမရှိဘူး။ အကူအညီပဲ တောင်းတာ။ သူတို့ဘာလုပ်လဲဆိုရင် အခုဆို ဆောက်လုပ်ရေး လုပ်တဲ့အခါမှာ ရန်ကုန်က ကုမ္ပဏီကြီးတွေ၊ မန္တလေးက ကုမ္ပဏီကြီးတွေ တစ်ခုမှမပါဘူး။ အဲ့ဒီကုမ္ပဏီတွေက ဘာလုပ်ပေးလဲဆိုရင် အရည်အသွေးတွေ ထိန်းပေးတယ်။ ဆောက်တဲ့ အဆောက်အအုံတွေဟာ စံချိန်စံညွှန်းနဲ့ ညီမညီ စစ်တယ်။ လုပ်ပေးတာ ဘယ်သူတွေက လုပ်ပေးသလဲဆိုရင် ရခိုင်တိုင်းရင်းသား လုပ်ငန်းရှင်တွေ၊ စစ်တွေက လူတွေ၊ မောင်တောကလူတွေ ဖြစ်ပါတယ်။ အဲဒါဆိုတော့ သိပ်အားရတယ်။ ပုဂ္ဂလိကတွေရဲ့ အင်အားပေါ့။

 

ယုံကြည်မှုတည်ဆောက်ရမှာ

နိုင်ငံမှာ နိုင်ငံတော်အစိုးရက အရေးကြီးသလို ပုဂ္ဂလိကကလည်း အရေးကြီးတယ်။ အရပ်ဘက် အဖွဲ့အစည်းကလည်း အရေးကြီးတယ်။ ကျွန်တော်တို့က သက်သေပြချင်တယ်။ တစ်ခုရှိတာက ယုံကြည်မှု တည်ဆောက်ရမှာပေါ့။ ဒီနေရာ မှာတစ်ဖက်က တိုင်းရင်းသားတွေရဲ့ အမြင်ကို ပြန်ကြည့်ရပြန်ရော၊ ရခိုင်တိုင်းရင်းသားတွေရဲ့ အမြင်၊ သူတို့ရဲ့ စိုးရိမ်စိတ်တွေ တစ်ခါတလေ ကျွန်တော်တို့ သာမန်အားဖြင့် မေ့နေလေ့ရှိတာ တစ်ခုက ရခိုင်ပြည်နယ်သည် နယ်စပ်ဖြစ်တယ်။ နိုင်ငံတကာမှာ နယ်စပ်ဆိုရင် များသောအားဖြင့် အချုပ်အခြာအာဏာကို ထိပါးဖို့ တော်တော်လေး သတိထားရတာ။ လုံခြုံရေး ရှေ့တန်းတင်ရတဲ့နေရာ။ ဒါလည်း နားလည်ဖို့လိုတယ်။

 

နောက်တစ်ခု စီးပွားရေးမျက်စိနဲ့ကြည့်ရင် ရခိုင်ပြည်နယ် အလားအလာက အခုဆို ရခိုင်ကမ်းလွန်မှာ ဓာတ်ငွေ့တွေ ထွက်နေပြီ။ ရခိုင်ပြည်နယ်မှာ ပင်လယ်လုပ်ငန်းနဲ့ ပတ်သက်လို့ ငါးဖမ်းကိစ္စတွေ အများကြီး အခုထက်ပိုပြီး ထူးပြီးလုပ်နိုင်တယ်။ အခုလက်ရှိ UEHRD က ကြိုးစားနေတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမှာ လေယာဉ်ကွင်း ဆောက်နိုင်ရင် ကမ္ဘာ့လှည့်ခရီးသည်တွေ လွယ်လွယ်ကူကူ သွားနိုင်မယ်။ အခုဆိုရင် စစ်တွေကနေ မြောက်ဦးသွားဖို့ တော်တော်ပင်ပန်းတယ်လေ။ ငပလီလိုဟာမျိုးမှာ တကယ့်ကို အရှေ့တောင်အာရှမှာ အင်မတန်ရှားတဲ့ ကမ်းခြေတစ်ခုမှာ လေယာဉ်က အသေးလေးတွေပဲ ဆင်းလို့ရတယ်။ အကယ်၍များ အဲဒါကို ချဲ့နိုင်ရင် ကမ္ဘာ့လှည့်ခရီးသည်တွေ အများကြီးရမှာ၊ ဒါတွေအားလုံးဟာ ဘာအတွက်လဲလို့ စဉ်းစားရင် အလုပ်အကိုင် အခွင့်အရေးအတွက် ဖြစ်ပါတယ်။ သူဌေးတွေ ချမ်းသာဖို့ထက် သူဌေးတွေ၊ လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းဖော်တဲ့အပေါ်မှာ မူတည်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ရလာမယ်။ ဒါကို ကျွန်တော်တို့ ကြိုးစားနေတယ်။

 

ရခိုင်ပြည်နယ်သည် ရင်းနှီးမြှုပ်နှံဖို့ကောင်း

တစ်ဖက်က နိုင်ငံတကာအကူအညီတွေ ဝင်လာအောင် အခုနိုင်ငံတော် အစိုးရကလည်း UN အဖွဲ့အစည်းတွေ၊ NGO အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ညှိနှိုင်းတိုင်ပင်နေတယ်။ ဘယ်ပုံဘယ်နည်း ကူညီမလဲ၊ သူတို့ကူညီတာတွေကို နိုင်ငံတော် အစိုးရက အစွမ်းကုန် စိစစ်တယ်။ တစ်ဖက်ကလည်း နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ဖို့ ကြိုးစားနေတယ်။ Business to Business ပေါ့။ စီးပွားရေး လုပ်ငန်းရှင် အချင်းချင်း ကိုယ့်ဆီက စီးပွားရေးလုပ်ငန်းရှင်များနဲ့ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင် အချင်းချင်း၊ အစိုးရအချင်းချင်း ချိတ်ထားတာလည်း တစ်ပိုင်းပေါ့။ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပြီးတော့ ရခိုင်ပြည်နယ်သည် ရင်းနှီးမြှုပ်နှံဖို့ကောင်းတဲ့၊ အခွင့်အရေး ကောင်းကောင်းရှိတဲ့နေရာ ဖြစ်တယ်ဆိုတာကို ဖိတ်ခေါ်ရမယ်။ တစ်ခုတော့ရှိတယ်။ ကျွန်တော်တို့က လုံခြုံရေးကောင်းကောင်း ပေးဖို့တော့ အာမခံရမှာပေါ့။

 

အာမခံထားတာက သုံးခုရှိ

လတ်တလောမှာ သတင်းတွေမှာပါသလို ပြန်လာဖို့က အရေးကြီးတယ်။ ပြန်မလာရင် စိန်ခေါ်မှုက ပိုများလာတယ်။ တချို့တွေ ပြန်မလာဘဲ ထိုင်းနိုင်ငံကို လှေနဲ့သွားတယ်။ ဒီနေ့မနက် သတင်းတွေမှာ ပါတယ်။ မလေးရှားကို သွားတာတို့၊ ဒီကနေ ရွှေ့သွားတဲ့သူတွေ ဖြစ်တယ်လို့ မီဒီယာတွေထဲမှာပါရင် ကျွန်တော်တို့အနေနဲ့ ပိုပြီးသတိထားဖို့ လိုတယ်။ ကျွန်တော်တို့အနေနဲ့ တတ်နိုင်သမျှသူတို့ ပြန်လာနိုင်အောင်၊ ပြန်လာချင်အောင် အစကတည်းက အာမခံထားတာက သုံးခုရှိတယ်။

 

လုံခြုံမှုရှိအောင် လုံခြုံရေးတတ်နိုင်သမျှ လုပ်ပေးမယ်။ နောက်တစ်ခုက ပြန်လာတဲ့အခါမှာလည်း ဖိအားပေးတာမျိုး မဟုတ်ဘဲနဲ့ ကိုယ်လွတ်လွတ်လပ်လပ် ကိုယ့်စိတ်၊ ကိုယ့်သဘောနဲ့ ပြန်လာဖို့လိုတယ်။ ပြန်လာပြီးတဲ့အခါမှာ ဘဝကိုသိက္ခာရှိရှိ ရင်ဆိုင်နိုင်အောင် အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးမယ်လို့ ဒီသုံးချက်ကို နိုင်ငံတော်အစိုးရကလည်း အာမခံထားတယ်။ UEHRD အနေနဲ့ကလည်း ကိုယ်တတ်နိုင်တဲ့ အပိုင်းကနေ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးတာတို့၊ ကျောင်းတွေ ဆောက်ပေးတာတို့၊ ဆေးရုံ၊ ဆေးခန်းတွေ ဆောက်ပေးတာတို့လုပ်တယ်။

 

သတိထား လုပ်ကိုင်နေရ

ရခိုင်ပြည်နယ်မှာ အများစုက ရခိုင်တိုင်းရင်းသားတွေ ဆိုပေမယ့် မြောက်ဘက်မှာက ရခိုင်တိုင်းရင်းသားက လူနည်းစုဖြစ်တယ်။ အများစုက ဘာသာခြားတွေ ဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ စဉ်းစားတဲ့အခါမှာ ရခိုင်တိုင်းရင်းသားတွေရဲ့ စိုးရိမ်စိတ်၊ ပူပန်စိတ်တွေကို ထည့်တွက်ဖို့ လိုသလို လူ့အဖွဲ့အစည်းတစ်ရပ် တခြား အဖွဲ့အစည်းကိုလည်း ကျွန်တော်တို့ သတိထားရမှာပေါ့။ အဲဒါကလည်း နိုင်ငံတကာ အဖွဲ့အစည်းတွေက စိတ်ဝင်စားတယ်။ ကျွန်တော်တို့အနေနဲ့ အမြဲတမ်းဒီနှစ်ခုကို သတိထား လုပ်ကိုင်နေရတဲ့ အနေအထား ရှိပါတယ်။

 

မေး ။ ။ မောင်တောဒေသ အကြမ်းဖက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ လက်ရှိအချိန်မှာ နယ်မြေ တည်ငြိမ်အေးချမ်းမှု အခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ UEHRD က လုပ်တဲ့နေရာတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းရေး ဆောင်ရွက်တာ မရှိပါဘူး။ ကျွန်တော်တို့ တွေ့တာတော့ ပြန်လည်လက်ခံရေးစခန်း၊ ကြိုဆိုရေးစခန်းတွေမှာ ပြန်လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီ။ ပြန်လည်လက်ခံရေးစခန်း၊ ကြိုဆိုရေးစခန်း၊ ပြန်လည်နေရာချထားတဲ့ နေရာတွေ၊ တိုင်းရင်းသား ကျေးရွာဆောက်နေတဲ့ နေရာတွေမှာ နယ်မြေရှင်းလင်းနေတာတွေ ဘာမှမရှိဘူး။ ဘာရှိသလဲဆိုတော့ သာမန် လုံခြုံရေးယူထားတဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေလောက်ပဲ ရှိတယ်။ နယ်မြေ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ရှိနေတယ်လို့ ပြောလို့ရပါတယ်။

 

မေး ။ ။ နေရပ်စွန့်ခွာသွားပြီး တစ်ဖက်နိုင်ငံကို ရောက်နေသူတွေကို လက်ရှိအချိန်မှာ ပြန်လည်လက်ခံရေး အတွက် အဆင်သင့်ဖြစ်နေမှုနဲ့ ပတ်သက်ပြီး ထပ်ရှင်းပြပေးစေလိုပါတယ်။

ဖြေ ။ ။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ကတည်းက ကျွန်တော်တို့ဘက်က ပြန်လည်လက်ခံဖို့ အဆင်သင့် ဖြစ်နေပြီ။ သတင်းစာတွေထဲမှာလည်း ပါပါတယ်။ အစကတည်းက လက်မှတ်ထိုးပြီး နှစ်နိုင်ငံ ကတိကဝတ် ပြုပြီးကတည်းက လွယ်ကူအောင်၊ မြန်ဆန်အောင် ဖြည့်စွက်ရမယ့် ပုံစံတွေကို သူတို့ဆီ ပို့လိုက်တယ်။ ပြန်လာချင်တဲ့သူတွေ ပုံစံဖြည့်ပါ။ ပို့တဲ့အခါမှာလည်း ဖြည့်တဲ့ပုံစံကို အသေးစိတ်ညွှန်ကြားတယ်၊ ပြန်လာဖို့ ပုံစံတွေဖြည့်တဲ့ အခါမှာလည်း လက်လွတ်စပယ် ဖြည့်လို့မရဘူး၊ မိသားစု ဓာတ်ပုံပါရမယ်။ လက်ဗွေပုံစံတွေ ပါရမယ်ဆိုတာ အမျိုးမျိုး ရှင်းပြတယ်။ တကယ်တမ်း ဖြည့်ထားတဲ့ ပုံစံစာရွက်တွေ ပြန်ရတဲ့အခါမှာ မပြည့်စုံဘူး။ ကျွန်တော်တို့ ပြောထားတာကို နားမလည်လို့လား၊ မဖြည့်တတ်လို့လားဆိုတာ မပြောတတ်ဘူး။

 

နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတိုင်ပင်

 

အဲဒါဆိုရင်တော့ ရှိတာလေးနဲ့ လုပ်ကြည့်ရအောင်၊ အဆင်ပြေအောင် ကိုယ်လိုက်လျောနိုင်တာ လိုက်လျောပြီး လုပ်ကြည့်ရအောင်ဆိုပြီး လုပ်တယ်။ ခုနကမေးတဲ့ မေးခွန်းက အဆင်သင့် ဖြစ်နေပြီလားဆိုရင် ကျွန်တော်တို့ ဘက်က အဆင်သင့်ဖြစ်နေပါပြီ။ အဆောက်အအုံတွေလည်း အဆင်သင့်ဖြစ်တယ်၊ ဆေးရုံဆေးခန်းတွေလည်း အဆင်သင့်ဖြစ်တယ်။ အားလုံးက ဘာပြောသလဲဆိုရင် ဟိုတစ်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောသလို ကျွန်တော်တို့ ဘက်ကတော့ အဆင်သင့်ပဲ၊ သူတို့ပြန်လာခြင်း၊ မလာခြင်းကတော့ ကိုယ်လည်း ပြန်လာချင်အောင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးတော့ ဘာတွေ လုပ်ပေးလို့ရမလဲ၊ ဘယ်လို ညှိနှိုင်းလို့ရမလဲဆိုတာ ဆွေးနွေးတာတွေ လုပ်နေပါတယ်။ (ဆက်လက်ဖော်ပြပါမည်)
 

တွေ့ဆုံမေးမြန်း - သီသီမင်း၊ မင်းသစ်(MNA)
ဓာတ်ပုံ - ရဲထွဋ်