၂၀၁၈ ရာသီတွင် ရန်ကုန်အသင်းကို အောင်မြင်မှုများစွာ ရယူပေးခဲ့သည့် နည်းပြချုပ် ဦးမျိုးမင်းထွန်း ရုတ်တရက်နုတ်ထွက်

၁၃ မေ

 

၂၀၁၈ ရာသီတွင် ရန်ကုန်ယူနိုက်တက်အသင်းကို အောင်မြင်မှုများစွာ ရယူပေးခဲ့သည့် နည်းပြ ချုပ်ဦးမျိုးမင်းထွန်းသည် မေ ၁၃ ရက်က ရာထူးမှ ရုတ်တရက်နုတ်ထွက်ခဲ့သည်။ 

 

ရန်ကုန်အသင်းသည် ယခုရာသီတွင် ထင်သလောက်ရလဒ်မကောင်းသော်လည်း ပြည်တွင်းပြိုင်ပွဲ များဖြစ်သည့် MNL အမှတ်ပေးပြိုင်ပွဲနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတွင် ချန်ပီယံဆု ကာကွယ်နိုင်သည့် အနေအထားရှိသော်လည်း အမှတ်ပေးပြိုင်ပွဲ ပထမအကျော့အပြီးတွင် ရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ 

 

ဦးမျိုးမင်းထွန်းသည် မေ ၁၁ ရက်က ကစားသည့် ပထမအကျော့နောက်ဆုံးပွဲတွင် ရှမ်းယူနိုက်တက် အသင်းကို အိမ်ကွင်း၌ ရှုံးနိမ့်အပြီး ရက်ပိုင်းအကြာမှာပင် ရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန် အသင်းသည် ယခုရာသီတွင် AFC Cup ပြိုင်ပွဲ အုပ်စုအဆင့်မှ ထွက်ခဲ့ရသော်လည်း MNL အမှတ် ပေးပြိုင်ပွဲတွင်မူ ရမှတ် ၂၀ ဖြင့် တတိယနေရာတွင် ရပ်တည်နေကာ ရာသီဝက်ချန်ပီယံ ဖြစ်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်းနှင့် တစ်မှတ်အကွာတွင် ရှိနေသည်။ 

 

ဦးမျိုးမင်းထွန်းသည် ၂၀၁၆ ရာသီဝက်တွင် ရန်ကုန်အသင်းကို စတင်တာဝန်ယူခဲ့ပြီး ၂၀၁၇ ရာသီတွင် MNL အမှတ်ပေးပြိုင်ပွဲနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲနှစ်ခုစလုံးတွင် ဒုတိယဆုရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ၂၀၁၈ ရာသီမှာမူ ဦးမျိုးမင်းထွန်း၏ အအောင်မြင်ဆုံးရာသီဖြစ်ခဲ့ပြီး MNL အမှတ်ပေးပြိုင်ပွဲနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲနှစ်ခုစလုံးတွင် ချန်ပီယံဆုရခဲ့သည်။ 

 

ထို့ပြင် ရာသီကြို ချာရတီဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သလို AFC Cup ပြိုင်ပွဲတွင်လည်း အာဆီယံဇုန် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ ဦးမျိုးမင်းထွန်းက'' အရမ်းပင်ပန်းပြီး အနားယူချင်တဲ့အတွက် ရာထူးက နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ ရန်ကုန်အသင်းက နုတ်ထွက်ခဲ့ပေမယ့် ကစားသမားဘဝနဲ့ နည်းပြဘဝ နှစ်ခုစလုံး ကျင်လည်ခဲ့တဲ့အသင်းဖြစ်လို့ ရင်ထဲမှာ အမြဲအမှတ်တရရှိနေမှာပါ''ဟု ပြောကြားခဲ့သည်။ 

 

ဦးမျိုးမင်းထွန်းသည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ရန်ကုန်အသင်းတွင် စတင်ခဲ့ပြီး ၂၀ဝ၉ ရာသီမှ ၂၀၁၃ ရာသီအထိ ကစားခဲ့ကာ အမှတ်ပေးချန်ပီယံဆုသုံးကြိမ်နှင့် ရှုံးထွက်ချန်ပီယံဆု တစ်ကြိမ်ရခဲ့ကာ အမှတ်ပေးနှင့် ရှုံးထွက်ချန်ပီယံဆုကို ကစားသမားနှင့် နည်းပြနှစ်ခုစလုံး၌ ရရှိသူအဖြစ် မှတ်တမ်းဝင်ထားသည်။

 

ရန်ကုန်အသင်းသည် ယခုရာသီလက်ကျန်ပွဲများအတွက် ဦးတင်မောင်ထွန်းကို ယာယီနည်းပြချုပ်အဖြစ် တာဝန်ပေးအပ်သွားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-ဖိုးသော်ဇင်