၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တောင်ငူခရိုင်အတွင်းရှိ ကျေးရွာ ၇၄၆ ရွာအားလျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပြီးဖြစ်

ပဲခူး ၊ ၂၁ ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အတွင်းရှိ မြို့နယ်(၆)မြို့နယ်မှ ကျေးရွာ ၇၄၆ ရွာအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပြီးဖြစ်ကြောင်း တောင်ငူခရိုင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးမှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

 

တောင်ငူခရိုင်အတွင်း တောင်ငူ၊ ရေတာရှည်၊ ထန်းတပင်၊ အုတ်တွင်း၊ ဖြူး၊ ကျောက်ကြီး စသည့် မြို့နယ်(၆)မြို့နယ်တွင် လျှပ်စစ်မီးလင်းရန်လိုအပ်သည့် ကျေးရွာ(၁၃၅၇) ရွာရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် NEP P-1(၂) မိုင်အတွင်း ကျေးရွာ(၃၅၄)ရွာ၊  တိုင်းဒေသကြီးရန်ပုံငွေဖြင့် မီးလင်းရေး ဆောင်ရွက်သည့်ရွာ(၁၆၃)ရွာ၊ ပြည်ထောင်စုရန်ပုံငွေဖြင့်(၉၉)ရွာ၊  ကိုယ်ထူကိုယ်ထ ကျေးရွာ(၁၃၀)၊ စုစုပေါင်းကျေးရွာ(၇၄၆)ရွာအား မီးလင်းရေးဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျန်ရှိကျေးရွာများအနက်မှ  NEP P-1(၂)မိုင်တွင်း ကျေးရွာ(၃၂) ရွာ၊NEP P-2(၃)မိုင်တွင်း ကျေးရွာ(၂၆၇) ရွာ၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် မီးလင်းရေး ဆောင်ရွက်သည့်ရွာ(၁၅)ရွာ၊ ပြည်ထောင်စုရန်ပုံငွေဖြင့်(၂၁)ရွာ၊  ကိုယ်ထူကိုယ်ထ ကျေးရွာ(၂)၊ စုစုပေါင်း ကျေးရွာ(၃၂၀) အား လျှပ်စစ်မီးလင်းနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)