၂၀၁၉-၂၀၂၀ ဖူဆယ်လိဂ်ပြိုင်ပွဲကို နိုဝင်ဘာ ၂၇ ရက်တွင် စတင်ကျင်းပမည်

၁၂ နိုဝင်ဘာ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ၂၀၁၉-၂၀၂၀ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲကို နိုဝင်ဘာ ၂၇ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး အသင်း ၁၂ သင်းဖြင့် ကျင်းပမည်ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ပြီးခဲ့သည့်ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲ အဆင့်ရပ်တည်မှုအပေါ် မူတည်၍ ဝင်ခွင့်ပြုထားပြီး အဆင့် ၁ မှ ၁၀ အထိ ရရှိသည့်အသင်း ၁၀ သင်းမှာ တိုက်ရိုက်ဝင်ခွင့်ရခဲ့ပြီး ခြေစစ်ပွဲမှ နှစ်သင်း တက်ရောက်လာခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ကျန်နှစ်နေရာအတွက် ခြေစစ်ပွဲကျင်းပရန် စီစဉ်ခဲ့သော်လည်း နှစ်သင်းသာ စာရင်းပေးသွင်းသောကြောင့် ခြေစစ်ပွဲမကျင်းပဘဲ တိုက်ရိုက်ဝင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ယခုရာသီ ဖူဆယ်လိဂ်တွင် လက်ရှိချန်ပီယံ MIU အသင်းအပါအဝင်၊ VUC အသင်း၊ GV အသင်း၊ မြို့မ JY အသင်း၊ လက်ဝဲသုဒ္ဒရအသင်း၊ AMM အသင်း၊ Dream Team အသင်း၊ Do Do Ko Ko အသင်း၊ On Doctor အသင်း၊ MFF ယူ-၁၉ အသင်း၊ ဖူဆယ်ချစ်သူအသင်းနှင့် Winner အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အချို့အသင်းများမှာ အသင်းအမည် ပြောင်းလဲထားခြင်းဖြစ်ပြီး ဖူဆယ်ချစ်သူအသင်းနှင့် Winner အသင်းသာ ခြေစစ်ပွဲမကစားဘဲ တိုက်ရိုက်ဝင်ခွင့်ရခဲ့ခြင်း ဖြစ်သည်။

ယခုရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲကို နိုဝင်ဘာ ၂၇ ရက်မှ ဖေဖော်ဝါရီလလယ်အထိ ကျင်းပမည်ဖြစ်ပြီး ပွဲစဉ်အားလုံးကို အမျိုးသား အားကစားပြိုင်ပွဲရုံ-၂ လှိုင်၌ ကျင်းပမည်ဖြစ်သည်။ ယခုရာသီတွင် ဗိုလ်စွဲသည့်အသင်းမှာ ၂၀၂၀ အာရှ ဖူဆယ်ကလပ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်