၂၀၁၉-၂၀၂၀ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲ စတင်ကျင်းပ

၂၈  နိုဝင်ဘာ

၂၀၁၉-၂၀၂၀ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁) ကို ယနေ့နံနက်ပိုင်းမှစ၍ အမျိုးသား အားကစားပြိုင်ပွဲရုံ-၂ လှိုင်၌ စတင်ကျင်းပရာ ထိပ်သီးအသင်းများအားလုံး နိုင်ပွဲရယူနိုင်ခဲ့သည်။

ပြိုင်ပွဲမတင်မီ ဖွင့်ပွဲအခမ်းအနားကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အကြံပေး ဦးဘန်နီတင်အောင်တို့က အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများကို လှိုက်လံနှုတ်ဆက်ကြသည်။

ပထမနေ့တွင် လက်ရှိချန်ပီယံ MIU အသင်းက Winner အသင်းကို ခုနစ်ဂိုး-နှစ်ဂိုး၊ VUC အသင်းက ဖူဆယ်ချစ်သူအသင်းကို ရှစ်ဂိုး-ဂိုးမရှိ၊ GV အသင်းက MFF ယူ-၁၉ အသင်းကိုငါးဂိုး-လေးဂိုး၊ မြို့မ JY အသင်းက ဒိုဒိုကိုကိုအသင်းကို သုံးဂိုး-တစ်ဂိုး၊ On Doctor အသင်းက လက်ဝဲသုန္ဒရအသင်းကို ခုနစ်ဂိုး-နှစ်ဂိုး၊ Dream Team က AMM Brother အသင်းကို ခြောက်ဂိုး-သုံးဂိုးဖြင့် အနိုင်ရခဲ့သည်။

ယခုရာသီဖူဆယ်လိဂ်ပြိုင်ပွဲကို အသင်း ၁၂ သင်းဖြင့် ကျင်းပလျက်ရှိပြီး ပထမအကျော့ပွဲစဉ်များကို တစ်ပတ်လျှင်နှစ်ပွဲနူန်းဖြင့် ဒီဇင်ဘာလကုန်အထိ ကျင်းပသွားမည်ဖြစ်သည်။

ယခုရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲဝင် အသင်းများအနက် MIU အသင်းနှင့် VUC အသင်းတို့မှာ နိုင်ငံခြားသားကစားသမားနှစ်ဦးစီ ခေါ်ယူထားသည်။

သတင်း-ရဲရင့်ရှိုင်း