၂၀၁၉ ခုနှစ် အခြေခံပညာ မြန်မာစာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်) ဆုချီးမြှင့်ပွဲ ကျင်းပ

ရန်ကုန် ၁၈ ဇန်နဝါရီ

 

၂၀၁၉ ခုနှစ် အခြေခံပညာ မြန်မာစာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်) ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ တက္ကသိုလ်စိန်ရတုခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က အမှာစကားပြောကြားပြီး မြန်မာစာစွမ်းရည်ပြိုင်ပွဲ (ဗဟိုအဆင့်) အခြေခံပညာအထက်တန်းအဆင့် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိကြသူများကို လည်းကောင်း၊ မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်က အခြေခံပညာ အလယ်တန်းအဆင့် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကိုလည်းကောင်း ဆုများပေးအပ်ကြသည်။

 

ယင်းနောက် မြန်မာစာအဖွဲ့ အဖွဲ့ဝင် ဆရာကြီး ဒေါက်တာသန်းဦး၊ ဆရာကြီး ဒေါက်တာထွန်းတင့်နှင့် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်မင်းနှင့် တာဝန်ရှိသူများက အခြေခံပညာ မြန်မာစာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်)တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။

 

ထို့နောက် မြန်မာစာအဖွဲ့ အဖွဲ့ဝင် ဆရာကြီး ဒေါက်တာခင်အေးက အခြေခံပညာမြန်မာစာ စွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်) ကျောင်းသားကျောင်းသူများ၏ ဖြေဆိုချက်များအပေါ် သုံးသပ်အကြံပြုပြောကြားပြီး ဆုရရှိကြသူများကိုယ်စား ကျောင်းသူ မဇူးဇူးအောင်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

 

ကိုမျိုး