၂၀၁၉ ခုနှစ် မတ်လ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စတင်အသုံးပြုမည့် မြန်မာစာဘာသာရပ်မေးခွန်းပုံစံသစ်ဆိုင်ရာ သိမှတ်ဖွယ်ရာ

ဒေါက်တာအောင်မြင့်ဦး
ပါမောက္ခ ဌာနမှူး
မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်

 

ယခုဆောင်းပါးသည် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် စတင်အသုံးပြုမည့်  မြန်မာစာဘာသာရပ် မေးခွန်းပုံစံသစ်နှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာများကို ရှင်းလင်းတင်ပြမည့် ဆောင်းပါး ဖြစ်ပါသည်။

 

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စတင်အသုံးပြုမည့် မြန်မာစာမေးခွန်းပုံစံသစ် သည် ကျောင်းသူကျောင်းသားတို့ သင်ခန်းစာကို  နှုတ်တိုက် အလွတ်ကျက်မှတ်ခြင်းထက် သင်ယူလေ့လာ ဆည်းပူးထားသော သင်ခန်းစာများကို ကိုယ်ပိုင်စဉ်းစားတွေးခေါ်မှု၊ ကိုယ်ပိုင်ရေးသားတင်ပြမှု စွမ်းရည်တို့ဖြင့် ပေါင်းစပ်ကာ ဖြေဆိုနိုင်မည့်ပုံစံသို့ ဦးတည်ပြောင်းလဲ ထားခြင်းဖြစ်ပါသည်။ ထိုသို့ပြောင်းလဲရာတွင် အလုံးစုံပြောင်းလဲခြင်းမျိုးမဟုတ်ဘဲ ကျောင်းသူ ကျောင်းသားတို့၏ အားသာချက် အားနည်းချက်၊ ဆရာဆရာမများ၏ သင်ကြားမှု အတွေ့အကြုံ၊ စာစစ်အတွေ့အကြုံ၊ မြန်မာစာဘာသာရပ်၏ သဘောသဘာဝ၊ ဘာသာရပ် လိုအပ်ချက်တို့အပေါ် အစစအရာရာ ချိန်ထိုးကာ ကျောင်းသူ ကျောင်းသားများနှင့် ဘာသာရပ် တို့အတွက် အသင့်လျော်ဆုံးနှင့် ပိုမိုအကျိုးဖြစ်ထွန်းစေနိုင်မည့် အပိုင်းကဏ္ဍအချို့ကိုသာ မွမ်းမံပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းတို့ ဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။

 

မေးခွန်းပုံစံသစ်ကို ပြောင်းလဲထားသော်လည်း ကျောင်းသူကျောင်းသားများ လေ့လာသင်ယူရမည့် ပြဋ္ဌာန်းချက်နှင့် သင်ခန်းစာတို့မှာ ပြောင်းလဲခြင်းမရှိပါ။ တက္ကသိုလ်ဝင်တန်း မြန်မာစာဘာသာရပ်အတွက်  ပြဋ္ဌာန်းထားသည့် စာအုပ် ၄ အုပ်ရှိပါသည်။ ယင်းတို့မှာ- မြန်မာသဒ္ဒါ အတွဲ(၂) အခန်း(၆)၊ မြန်မာကဗျာ လက်ရွေးစင်၊ ပင်ရင်းမြန်မာစကားပြေ လက်ရွေးစင်နှင့် ရေသည်ပြဇာတ်တို့ ဖြစ်ပါသည်။ စာစီစာကုံးမှာ ပြဋ္ဌာန်းစာအုပ်သတ်မှတ်မထားသော်လည်း ကျောင်းသူကျောင်းသားများ လေ့လာဆည်းပူးရမည့် သင်ခန်းစာ တစ်ခုအဖြစ် ပါဝင်ပါသည်။ ယခုမေးခွန်းပုံစံသစ်တွင် စာစီစာကုံးနှင့်အတူ ကျောင်းသူကျောင်းသားတို့၏ ပင်ကို ဉာဏ်ရည်ဉာဏ်သွေးနှင့် အစွမ်းအစကို ဖော်ထုတ်ပြသနိုင်မည့် အဆိုဆွေးနွေးသည့် မေးခွန်းတစ်ပုဒ် ပါဝင်လာမည် ဖြစ်ပါသည်။

 

၂၀၁၉ တွင် ပြောင်းလဲအသုံးပြုမည့် မြန်မာစာမေးခွန်းပုံစံသစ်ကို ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအထိ ကျင့်သုံးခဲ့သော မေးခွန်းပုံစံနှင့် မေးခွန်းနံပါတ် တစ်ခုစီအလိုက် ဆက်လက်ရှင်းလင်းတင်ပြသွားပါမည်။

 

မေးခွန်း နံပါတ် ၁ တွင် ယခင်က မေးခွန်းပုဒ်ခွဲ (က)၊ (ခ)၊ (ဂ)၊ မေးခွန်းပုဒ်ခွဲ သုံးပုဒ်ပါဝင်ပြီး မေးခွန်းပုံစံသစ်တွင် မေးခွန်းပုဒ်ခွဲ (က) နှင့် (ခ) နှစ်ပုဒ်သာ ပါဝင်မည်ဖြစ်ပါသည်။ မေးခွန်းနံပါတ် ၁။ (က)သဒ္ဒါ အဓိပ္ပာယ်ဖွင့်ဆိုချက်မေးခွန်းကို ပြောင်းလဲခြင်းမပြုပါ။သို့ရာတွင် ရွေးချယ်ရန်အတွက် ယခင်က ၅ ခု ပေးသော်လည်း မေးခွန်းပုံစံသစ်တွင် ၃ ခု သာ မေးပါမည်။

 

ယခင်မေးခွန်းနံပါတ် ၁။ (ခ) သည် ပေးထားသောစကားလုံးများကို သဒ္ဒါအမျိုးအစား ဖော်ပြစေသော မေးခွန်း ဖြစ်ပါသည်။ ၆ ခု မေး၍ ၄ ခု ဖြေဆိုရပါသည်။ မေးခွန်းနံပါတ် ၁။ (ဂ) တွင် ပေးထားသော စကားလုံးကို ဝါကျတွင်သုံးပြစေခြင်း ဖြစ်ပါသည်။ ၅ ခုမေးပြီး ၃ ခု ဖြေဆို ရပါသည်။ 

 

ပြောင်းလဲသည့် မေးခွန်းပုံစံသစ် တွင် မေးခွန်းနံပါတ် ၁။ (ခ) နှင့် ၁။ (ဂ) သဘောတရား နှစ်ခုကို ပေါင်းစပ်ကာ ၁။ (ခ) တစ်ပုဒ်တည်းအဖြစ် သဒ္ဒါလက်တွေ့လေ့ကျင့်ခန်းအမျိုးမျိုးကို မေးမြန်းနိုင်ရန် ပြောင်းလဲထားပါသည်။ မြန်မာသဒ္ဒါ ပြဋ္ဌာန်းချက်ပါ သင်ခန်းစာအသီးသီးမှ ကျောင်းသူ ကျောင်းသားများ အမှန်တကယ် နားလည်ဖြေဆိုနိုင်မည့် လက်တွေ့လေ့ကျင့်ခန်း အမျိုးမျိုးကို မေးမြန်းမည် ဖြစ်ပါသည်။ ယခင်က ၁။ (ခ) သည် သဒ္ဒါ စကားလုံးများပေးထားပြီး သဒ္ဒါအမျိုးအစားကို ဖော်ပြစေခြင်းဖြစ်သည်။ ၁။ (ဂ) သည် ပေးထားသော သဒ္ဒါစကားလုံးကို သဒ္ဒါမှန်စွာ ဝါကျဖွဲ့စေခြင်းဖြစ်သည်။ ပြောင်းလဲသည့်မေးခွန်းတွင် ၁။ (ခ) နှင့် ၁။ (ဂ) သဘောတရား နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။  မြန်မာသဒ္ဒါကို ကောင်းစွာ နားလည်သဘောပေါက်ပြီး ပြဋ္ဌာန်းစာပါ လေ့ကျင့်ခန်းများကို မှန်မှန်လေ့ကျင့်ထားပါက အလွတ်ကျက်မှတ်ရန် မလိုဘဲ အလွယ်တကူ ဖြေဆို နိုင်မည့် မေးခွန်းပုံစံဖြစ်ပါသည်။

 

ယခင်က ၁။ (ခ) ၄ မှတ် ပေးသည့် မေးခွန်းနှင့် ၁။ (ဂ) ၆မှတ်ပေးသည့် မေးခွန်း ပုဒ်ခွဲနှစ်ခုကို ပေါင်းစပ်ကာ ၁။ (ခ) ၁၀ မှတ်ပေးသည့် မေးခွန်းအဖြစ် စုစည်းလိုက်သည့်အတွက် သဒ္ဒါ စကားလုံးနှင့် သဒ္ဒါအမျိုးအစား မေးခွန်းသာမက သဒ္ဒါစကားလုံး ဖွဲ့စည်းရေးသားစေခြင်း (ဥပမာ - ပေါင်းစပ်နာမ်စကားလုံး၊ ပေါင်းစပ်ကြိယာ စကားလုံး၊ ကြိယာဝိသေသနစကားလုံး ဖန်တီးရေးသား စေခြင်း)၊ ဝါကျတွင်း ပုဒ်အထားအသို ပြင်ဆင်ရေးဖွဲ့ စေခြင်း၊ ပေးထားသောဝါကျတွင် ဆီလျော် သောသဒ္ဒါစကားလုံး ဖြည့်စွက်ရေးသားစေခြင်း စသည့် သဒ္ဒါလေ့ကျင့်ခန်းမေးခွန်းအမျိုးမျိုးကို တိုးချဲ့မေးမြန်းနိုင်မည် ဖြစ်ပါသည်။

 

၂၀၁၈ ခုနှစ်အထိကျင့်သုံးခဲ့သော မေးခွန်းနှင့် နှိုင်းယှဉ်ပါက မေးခွန်းပုံစံသစ်သည် ၁။ (ခ)  သဒ္ဒါမေးခွန်း များတွင် သဒ္ဒါကိုအလွတ်ကျက်မှတ်ခြင်းထက်သဒ္ဒါအကြောင်း နားလည်သဘောပေါက်ပြီး မှန်ကန်စွာ လက်တွေ့ရေးသားအသုံးပြုနိုင်သည့် မေးခွန်းမျိုးကို ပြောင်းလဲသွားမည်ဖြစ်ရာ ကျောင်းသူကျောင်းသားများ လက်တွေ့ဘဝတွင် မြန်မာစာ မှန်ကန်စွာရေးသား အသုံးပြုနိုင်မှုအတွက် အကျိုးဖြစ်ထွန်းစေမည် ဖြစ်ပါသည်။ 

 

မေးခွန်းနံပါတ် ၂ တွင် မေးခွန်းပုဒ်ခွဲ သုံးပုဒ် ပါဝင်ပါသည်။ ပုဒ်ရေ အရေအတွက် အပြောင်းအလဲ မရှိပါ။ မေးခွန်းနံပါတ် ၂။ (က) သည် ခက်ဆစ်ဖွင့်ဆိုခိုင်းခြင်းဖြစ်ပါသည်။ မေးခွန်း ပုံစံ အပြောင်းအလဲ မရှိသော်လည်း ရွေးချယ်ရန်ပေးသည့် စကားလုံး ၈ ခု အစား   စကားလုံး ၇ ခု ပြောင်းလဲပါမည်။ ကဗျာ၊ စကားပြေ နှင့် ရေသည်ပြဇာတ် ပြဋ္ဌာန်းစာအုပ်များတွင် အနက်ဖွင့်ဆိုပေးထားသော ဝေါဟာရများ၏ အနက်အဓိပ္ပာယ်ကို သိရှိခြင်း ရှိမရှိ စစ်ဆေးသည့် မေးခွန်းဖြစ်ပါသည်။

 

မေးခွန်းနံပါတ် ၂။  (ခ) တွင် လက်ရှိစစ်မေးလျက်ရှိသော ပုံစံမှာ ပေးထားသည့် ဝေါဟာရကို ဝါကျ အသီးသီးတွင် အသုံးပြုစေခြင်း ဖြစ်ပါသည်။ အဆိုပါမေးခွန်းအစား လက်ရှိတွင် ကျောင်းသား ကျောင်းသူများ၏ အားနည်းချက် ဖြစ်နေသည့် စာလုံးပေါင်းသတ်ပုံ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် အမှားအမှန် စကားလုံးအတွဲတွင် စာလုံးပေါင်းသတ်ပုံအမှန် ရွေးချယ်စေခြင်းကို ပြောင်းလဲစစ်မေးပါမည်။ မြန်မာစာ အရေးအသားအခြေခံတွင် စာလုံးပေါင်းသတ်ပုံ မှန်ကန်ရေးသည် အဓိကကျသည့်အလျောက် ဤမေးခွန်းသည် မြန်မာစာအခြေခံ မှန်ကန်ရေးအတွက် လေ့ကျင့် ဖြည့်ဆည်းပေးခြင်း ဖြစ်ပါသည်။ စာလုံးပေါင်းသတ်ပုံ မေးရာတွင် ပြဋ္ဌာန်းစာအုပ်များပါ ဝေါဟာရများကိုအခြေခံ၍ တက္ကသိုလ်ဝင်တန်းအဆင့် ကျောင်းသူ ကျောင်းသားတို့ သိသင့်သိထိုက်သည့် စာလုံးပေါင်းများကို ရွေးချယ်စစ်မေးမည် ဖြစ်ပါသည်။ ကျောင်းသူ ကျောင်းသားများအနေဖြင့် မြန်မာ ဝေါဟာရများ၏ စာလုံးပေါင်းအမှန်ကို ဂရုတစိုက် မှတ်သားထားပါက အထူးတလည် အလွတ်ကျက်မှတ်နေရန်မလိုဘဲ မှန်ကန်စွာဖြေဆိုနိုင်မည့် မေးခွန်းမျိုး ဖြစ်ပါသည်။

 

မေးခွန်းနံပါတ် ၂။ (ဂ)  သည် အလင်္ကာမေးခြင်းဖြစ်ပါသည်။ လက်ရှိမေးနေသည့် အလင်္ကာ မေးခွန်းတွင် ဝေါဟာရများကို အလင်္ကာအမျိုးအမည် ဖော်ပြလျက်ပေးထားပြီး သက်ဆိုင်ရာသင်ခန်းစာတွင် မည်သို့ သုံးထားကြောင်းနှင့် အဘယ်ကြောင့် ထိုအလင်္ကာမြောက်ကြောင်း မေးပါ သည်။ ပြောင်းလဲမည့် မေးခွန်းပုံစံတွင် အလင်္ကာအမျိုးအမည်ကို မဖော်ပြတော့ဘဲ ပေးထားသော ဝေါဟာရအသုံးအနှုန်းကို အလင်္ကာအမျိုးအစား ဖော်ပြစေခြင်းနှင့် အဘယ့်ကြောင့် ထိုအလင်္ကာ မြောက်ကြောင်းဖော်ပြစေခြင်းတို့ကို မေးမြန်းပါမည်။ ဖြေဆိုရာတွင် ပုံစံတစ်မျိုးမျိုးကို သတ်မှတ် ဖြေဆိုစေခြင်းထက် ကျောင်းသူကျောင်းသားတို့၏ အမှန်တကယ် နားလည်ဖြေဆိုနိုင်သည့်ဖြေဆိုချက် အပေါ်တွင်သာ အကဲဖြတ် အမှတ်ပေးသွားမည်ဖြစ်ပါသည်။ ပေးထားသော ဝေါဟာရ အရေအတွက်ကိုလည်း ၈ ခု မှ ၇ ခု သို့ ပြောင်းလဲ သတ်မှတ်ထားပါသည်။

 

ပြောင်းလဲအသုံးပြုမည့် မေးခွန်းပုံစံအရ မေးခွန်းနံပါတ် ၂ ဝေါဟာရများကို လေ့လာရာတွင် ပြဋ္ဌာန်းစာအုပ်များမှ ဝေါဟာရတို့၏ အနက်အဓိပ္ပာယ်ကို သိရှိစေခြင်း၊ မြန်မာဝေါဟာရတို့၏ စာလုံးပေါင်း သတ်ပုံမှန်ကန်မှုကို အလေးထားလာစေခြင်း၊ အလင်္ကာကို အလွတ်ကျက်မှတ်ခြင်းထက် အလင်္ကာ၏ သဘောသဘာဝ နားလည်သဘောပေါက်စွာဖြေဆိုနိုင်မှုကို ဦးတည်လာစေခြင်း စသည့်အကျိုးကျေးဇူးများ ဖြစ်ထွန်းစေမည် ဖြစ်ပါသည်။

 

မေးခွန်း နံပါတ် ၃ တွင် မေးခွန်း ပုဒ်ခွဲ နှစ်ပုဒ်ပါဝင်ပါသည်။ ပုဒ်ရေ အပြောင်းအလဲ မရှိပါ။

 

နံပါတ် ၃။ (က) မှာ ကဗျာမေးခွန်းတို ဖြစ်ပါသည်။ မေးခွန်းပုံစံ အပြောင်းအလဲမရှိသော်လည်း မေးမည့်မေးခွန်းကို ပိုမိုကျယ်ပြန့်စေရန် ပြင်ဆင်ထားပါသည်။ ကဗျာစာသားကောက်နုတ်ချက် အတိုကို ပေးထားပြီး ဆိုလိုရင်းရေးသားစေသည့် မေးခွန်းမျိုး တိုးချဲ့ မေးမြန်းသွားမည် ဖြစ်ပါသည်။ ဖြေဆိုရန် မေးထားသည့် ပုဒ်ရေ အရေအတွက်ကို ၈ ပုဒ်မှ ၇ ပုဒ်သို့ ပြောင်းလဲ သတ်မှတ်ပါသည်။ ကဗျာမေးခွန်းတိုများကို မေးခွန်းပိုမိုကျယ်ပြန့်လာစေခြင်းဖြင့် ကျောင်းသူကျောင်းသားများ၏ ကဗျာ လေ့လာမှုကိုလည်း    ပိုမိုကျယ်ပြန့်   လာစေမည်ဖြစ်ပါသည်။  ရွေးချယ်ရန်ပုဒ်ရေကို  လျှော့ခြင်းဖြင့် ကျောင်းသူ ကျောင်းသားများ ပိုမိုကြိုးစားလိုစိတ် ဖြစ်လာစေပါမည်။ နံပါတ် ၃။ (ခ)  ကဗျာ မေးခွန်းရှည်ဖြစ်ပါသည်။ အပြောင်းအလဲ မရှိပါ။ ဤမေးခွန်းသည် ကျောင်းသူ ကျောင်းသူများ၏ လေ့လာကျက်မှတ်မှုအတွက် ပေးမှတ်၏ တစ်ဝက်၊ မိမိကိုယ်ပိုင်အရေးအသား အတင်အပြ စွမ်းရည်ဖြင့် မေးခွန်းနှင့် အံဝင်ခွင်ကျဖြစ်အောင် ဖြေဆိုတင်ပြနိုင်မှုအတွက် ပေးမှတ်၏ တစ်ဝက် စစ်ဆေးအကဲဖြတ်သည့် မေးခွန်းဖြစ်ပါသည်။

 

                      မေးခွန်း နံပါတ် ၄ တွင် မေးခွန်း ပုဒ်ခွဲ နှစ်ပုဒ်ပါဝင်ပါသည်။  ပုဒ်ရေ အပြောင်းအလဲ မရှိပါ။ 

 

နံပါတ် ၄။ (က) မှာ စကားပြေမေးခွန်းတို ဖြစ်ပါသည်။ မေးခွန်းပုံစံလည်း အပြောင်းအလဲမရှိပါ။ သို့ရာတွင် ဖြေဆိုရန်မေးထားသည့် ပုဒ်ရေ အရေအတွက်ကို ၈ ပုဒ်မှ ၇ ပုဒ်သို့ ပြောင်းလဲ သတ်မှတ် ထားပါသည်။ မေးခွန်းနံပါတ် ၄။ (ခ)သည် စကားပြေမေးခွန်းရှည်ဖြစ်ပါသည်။ အပြောင်းအလဲ မရှိပါ။ စကားပြေ မေးခွန်းရှည်သည်လည်း ကဗျာမေးခွန်းရှည်ကဲ့သို့ပင် ကျောင်းသူကျောင်းသူများ၏ လေ့လာကျက်မှတ်မှုအတွက် ပေးမှတ်၏တစ်ဝက်၊ မိမိကိုယ်ပိုင်အရေးအသား အတင်အပြ စွမ်းရည်ဖြင့် မေးခွန်းနှင့် အံဝင်ခွင်ကျဖြစ်အောင် ဖြေဆိုတင်ပြနိုင်မှုအတွက် ပေးမှတ်၏တစ်ဝက် စစ်ဆေးအကဲဖြတ်သည့် မေးခွန်းဖြစ်ပါသည်။

 

     မေးခွန်းနံပါတ် ၅ တွင် မေးခွန်း ပုဒ်ခွဲ နှစ်ပုဒ်ပါဝင်ပါသည်။ ပုဒ်ရေ အပြောင်းအလဲ မရှိပါ။ နံပါတ် ၅။ (က) သည် ရေသည်ပြဇာတ် စကားစပ်မေးခွန်းဖြစ်ပါသည်။ ယခင် ၇ မှတ်ပေးသည့် မေးခွန်းပုံစံအစား  ၅ မှတ် ပေးသည့် မေးခွန်းပုံစံသို့ ပြောင်းလဲသတ်မှတ်ထားပါသည်။ ဖြေဆိုရာတွင် စကားစပ်ဆိုင်ရာ အချက် ၆ ချက်အတွက် ၃ မှတ်၊ ဆိုလိုရင်းကို ရှင်းလင်းရေးသား ဖြေဆိုခြင်း အတွက် ၂ မှတ် သတ်မှတ်ထားရာ ဖြေဆိုရသည့် အချက်အလက်နှင့် အမှတ်ခွဲဝေမှုမှာ ပိုမိုရှင်းလင်း ပြတ်သားလာမည်ဖြစ်ပါသည်။

 

 

      မေးခွန်း နံပါတ် ၅။ (ခ)  သည် ရေသည်ပြဇာတ် မေးခွန်းရှည်ဖြစ်ပါသည်။ လက်ရှိမေးခွန်းတွင် အကြောင်းအရာပိုင်းကိုသာမေးပြီး ပေးမှတ်မှာ ၈ မှတ် ဖြစ်ပါသည်။ ပြောင်းလဲမည့် မေးခွန်းပုံစံတွင် ပြဇာတ် အကြောင်းအရာတစ်ပုဒ်နှင့် ပြဇာတ်အတတ်ပညာ၊ အရေးအသားတစ်ပုဒ် မေးမြန်းပြီး နှစ်သက်ရာကို ရွေးချယ် ဖြေဆိုစေမည်ဖြစ်ပါသည်။ ပေးမှတ်ကိုလည်း ၈ မှတ် အစား ၁၀ မှတ် သို့ ပြောင်းလဲသတ်မှတ်ပါမည်။ ကျောင်းသူ ကျောင်းသားများသည် ပြဇာတ်လေ့လာရာတွင် ပြဇာတ်၏ အရေးအသားအတင်အပြနှင့် ပြဇာတ်ဖန်တီးမှု အတတ်ပညာတို့ကိုလည်း မလွဲမသွေ လေ့လာဆည်းပူး သင့်သည်ဖြစ်ရာ အတတ်ပညာနှင့် အရေးအသားတို့ကိုလည်း ပြဇာတ်မေးခွန်းတွင် ထည့်သွင်း မေးမြန်းသွားမည် ဖြစ်ပါသည်။

 

     ပြောင်းလဲအသုံးပြုမည့် မေးခွန်းပုံစံအရ မေးခွန်းနံပါတ် ၅ (ခ) ရေသည်ပြဇာတ်မေးခွန်းရှည်တွင် ပြဇာတ်၏ အကြောင်းအရာသာမက ပြဇာတ်စာပေ၏ သဘောလက္ခဏာများ၊ ပြဇာတ်ဖန်တီးမှု အတတ်ပညာများကို ကျောင်းသူ ကျောင်းသားများ ပိုမိုနားလည် သိရှိလာစေမည်ဖြစ်ပြီး ပြဇာတ်လေ့လာရာတွင် ပိုမို စိတ်ဝင်စား လာမည် ဖြစ်ပါသည်။ ရေသည်ပြဇာတ်မေးခွန်းရှည်၏ သဘောသဘာဝသည်လည်း ကဗျာမေးခွန်းရှည်နှင့် စကားပြေမေးခွန်းရှည် တို့ကဲ့သို့ပင် လေ့လာကျက်မှတ်မှုအတွက် ပေးမှတ်၏တစ်ဝက်၊ မိမိကိုယ်ပိုင် အရေးအသား အတင်အပြစွမ်းရည်ဖြင့် မေးခွန်းနှင့် အံဝင်ခွင်ကျ ဖြေဆိုတင်ပြနိုင်မှုအတွက် ပေးမှတ်၏တစ်ဝက် စစ်ဆေးအကဲဖြတ်မည် ဖြစ်ပါသည်။

 

          မေးခွန်း နံပါတ် ၆ သည် ယခင်က စာစီစာကုံးတစ်မျိုးတည်းကိုသာ ဖြေဆိုရသည့် မေးခွန်း ဖြစ်ပါသည်။ ပေးမှတ်မှာ အမှတ် ၂၀ ဖြစ်ပါသည်။ ၃ ပုဒ် မေး၍ ၁ ပုဒ် ဖြေဆိုရပါသည်။ ပြောင်းလဲမည့် မေးခွန်းပုံစံတွင် မေးခွန်းနံပါတ် ၆ ကို (က) နှင့် (ခ) ခွဲ၍ မေးခွန်းပုဒ်ခွဲ နှစ်ပုဒ်အဖြစ် ပြင်ဆင်ထားပါသည်။ ၆။ (က) ကို ၁၀ မှတ်ပေးသည့် စာစီစာကုံး မေးခွန်းအဖြစ်လည်းကောင်း၊                   ၆။ (ခ) ကို အဆိုတစ်ခု ဆွေးနွေး စေသည့် ၁၀ မှတ်ပေးသော မေးခွန်းအဖြစ်လည်းကောင်း ပြောင်းလဲ ထားပါသည်။

 

           ယခင်က နံပါတ် ၆ စာစီစာကုံးမေးခွန်းတွင် ၃ ပုဒ်ပေး ၁ ပုဒ်ဖြေ သတ်မှတ်ခဲ့သော်လည်း ယခု ပြောင်းလဲထားသည့် မေးခွန်းပုံစံ ၆။ (က) တွင် ၂ ပုဒ်ပေး ၁ပုဒ်ဖြေ အဖြစ်လည်းကောင်း၊ ပုံကြမ်း အချက်အလက်ကို ယခုပုံစံတွင် အချက် ၅ ချက်သာပေး၍ အချက်တစ်ချက် ၂ မှတ်နှုန်းဖြင့် ဖြေဆိုစေရန် လည်းကောင်း၊ စာစီစာကုံးပေးမှတ်ကို အမှတ် ၂၀ အစား ၁၀ မှတ်သို့လည်းကောင်း ပြောင်းလဲ သတ်မှတ်ပါသည်။ မေးထားသည့် ပုံကြမ်းအချက်အလက်များကို မိမိ၏ကိုယ်ပိုင်စိတ်ကူး စိတ်သန်းဖြင့် ရေးသားဖြေဆိုရမည် ဖြစ်ပါသည်။ ပုံကြမ်းအချက်အလက်ကို အခြေခံကာ မိမိ စိတ်ကူးစိတ်သန်းဖြင့် ရေးသားရမည်ဖြစ်ရာ  ပုံကြမ်းအချက်အလက်များကို အခြေမခံဘဲ အလွတ်ကျက်မှတ်ဖြေဆိုပါက အမှတ်မရရှိ နိုင်သည့် ပုံစံသို့ ပြောင်းလဲထားခြင်းဖြစ်ပါသည်။ ပေးထားသည့် စာစီစာကုံးနှစ်ပုဒ်တွင် သရုပ်ဖော်နှင့် ဖြစ်စဉ်ပြ ရေးနည်းကိုအခြေခံသည့် ခေါင်းစဉ်တစ်ပုဒ်နှင့် ကြောင်းကျိုးပြနှင့် ဖွင့်ဆိုရှင်းပြရေးနည်းကို အခြေခံသည့် ခေါင်စဉ်တစ်ပုဒ်ကို မျှ၍ ပေးထားမည် ဖြစ်ပါသည်။

 

      ၆။ (ခ) သည် အသစ်ဖြည့်စွက် ထည့်သွင်းထားသော မေးခွန်းဖြစ်ပါသည်။ ပေးထားသော အဆိုတစ်ရပ်ကို ဆွေးနွေးစေသောမေးခွန်းသည် ကျောင်းသူကျောင်းသားများ၏ ကိုယ်ပိုင် စဉ်းစားဉာဏ်၊ အတွေးအခေါ်၊ ပင်ကိုအရည်အသွေး ဖော်ထုတ်ပြသနိုင်သော မေးခွန်းပုံစံ ဖြစ်ပါသည်။ ဖြေဆိုရာတွင် စာဟန်အရေးအသား ဖြင့်သာ ဆွေးနွေးတင်ပြကာ ဖြေဆိုရမည် ဖြစ်ပါသည်။ ကျောင်းသူ ကျောင်းသားတို့၏ ကိုယ်ပိုင်အတွေးအခေါ် စိတ်ကူး စိတ်သန်းကောင်းလျှင် ကောင်းသလောက်၊ အရေးအသားအတင်အပြကောင်းလျှင်ကောင်းသလောက် အမှတ်ရရှိနိုင်မည့် မေးခွန်း ဖြစ်ပါသည်။ ပေးထားသောအဆိုမှာလည်း ကျောင်းသူ ကျောင်းသားအားလုံး ရင်းနှီးကျွမ်းဝင်မည့် ယေဘုယျကျသော အဆိုမျိုးကိုသာ ပေးထားမည်ဖြစ်ပါသည်။ သာဓကအားဖြင့်- “နွေရာသီ သည် ဆောင်းရာသီထက် ပို၍သာယာလှပသည်”၊ “ကွန်ပျူတာကို အလွန်အကျွံအသုံးပြုခြင်းသည် ကျန်းမာရေးကို ထိခိုက်စေသည်”၊ “ရေဒီယိုနားထောင်ခြင်းသည် သတင်းစာဖတ်ခြင်းထက် ပို၍ အကျိုးရှိသည်” စသည့် အကြောင်းအရာမျိုးဖြစ်ပါသည်။ အဆိုကို မှန်သည် မှားသည် အဆုံးဖြတ် ပေးစေခြင်းမျိုးမဟုတ်ဘဲ မိမိ အမြင်အတိုင်း၊ မိမိထင်မြင်ယူဆချက်အတိုင်း ထောက်ခံ၍ဖြစ်စေ၊ ကန့်ကွက်၍ဖြစ်စေ အကျိုးသင့် အကြောင်းသင့် ဆွေးနွေးတင်ပြရန် ဖြစ်ပါသည်။ 

 

 

     ယခင် နံပါတ် ၆ စာစီစာကုံး မေးခွန်းသည် အမှတ် ၂၀ ပေးထားရာ ပေးမှတ်များပြားသည့်အလျောက် စစ်ဆေးအကဲဖြတ်ရာတွင် အမှတ်ကွာဟချက်ကို ကြီးမားစေပါသည်။ ထို့ပြင် ကျောင်းသူ ကျောင်းသားများ အနေဖြင့် ကိုယ်ပိုင်ရေးသားတင်ပြမှုထက် အလွတ်ကျက်မှတ်မှုကိုသာ အားပြုဖြေဆိုလျက်ရှိကြပါသည်။ ပေးထားသော ပုံကြမ်းအချက်အလက်နှင့် ဆိုင်သည်ဖြစ်စေ မဆိုင်သည်ဖြစ်စေ အလွတ်ကျက်မှတ် ထားသည်ကို များများရေးနိုင်လျှင် အမှတ်များများ ရနိုင်သည်ဟု ထင်မြင်ယူဆလျက်ရှိကြသည့်အလျောက်  ဤမေးခွန်းပုံစံသည် ကျောင်းသူကျောင်းသားများ အလွတ်ကျက်မှတ်ဖြေဆိုရန် အားသန်သည့် မေးခွန်း ပုံစံဖြစ်နေပါသည်။ ဤမေးခွန်းပုံစံကို လျှော့ချ၍ ပုံကြမ်းပါ အချက်အလက် ၅ ချက်ကိုသာ အခြေခံပြီး ကျောင်းသူ ကျောင်းသားများ၏ ကိုယ်ပိုင် အတင်အပြဖြင့် တိတိကျကျ ဖြေဆိုနိုင်မည့် စာစီစာကုံးမေးခွန်းနှင့် ကျောင်းသူ ကျောင်းသားတို့၏ ကိုယ်ပိုင်အတွေးအခေါ်၊ စိတ်ကူးစိတ်သန်းဖြင့် ဖြေဆိုနိုင်မည့် အဆိုဆွေးနွေး သည့် မေးခွန်းကို ဖြည့်စွက်လိုက်ခြင်းဖြင့် ကျောင်းသူကျောင်းသားတို့အတွက် များစွာ အကျိုးဖြစ်ထွန်းစေမည် ဖြစ်ပါသည်။

 

      ယခု ပြောင်းလဲအသုံးပြုမည့် မေးခွန်းပုံစံသည် အလွတ်ကျက်မှတ်သည့် မေးခွန်းပုံစံထက် ကျောင်းသူကျောင်းသားများ၏ ကိုယ်ပိုင် အတွေးအခေါ်နှင့် တစ်နှစ်ပတ်လုံးပုံမှန် လေ့လာသင်ယူ လေ့ကျင့်မှု အပေါ်တွင် အားပြုဖြေဆိုနိုင်မည့် မေးခွန်းပုံစံသို့ ပြောင်းလဲထားပါသည်။ ကျောင်းသူ ကျောင်းသားများ မြန်မာစာဘာသာရပ်ကို ကောင်းစွာ နားလည်သဘောပေါက်ပြီး မှန်ကန်စွာ လက်တွေ့ရေးသား အသုံးပြုနိုင်သည့် မေးခွန်းပုံစံသို့ ပြောင်းလဲထားသည့်အလျောက် ကျောင်းသူ ကျောင်းသားများ လက်တွေ့ ဘဝတွင် မြန်မာစာမှန်ကန်စွာ ရေးသားအသုံးပြုနိုင်မှုအတွက် အကျိုးဖြစ်ထွန်းစေမည် ဖြစ်ပါသည်။

 

    ယခုမေးခွန်းပုံစံတွင် ကျောင်းသူကျောင်းသားများ အလွတ်ကျက်မှတ်ဖြေဆိုနိုင်မည့် ရာခိုင်နှုန်းမှာ ၅၀ ရာခိုင်နှုန်း၊  ကျောင်းသူကျောင်းသားများ တစ်နှစ်ပတ်လုံး လေ့လာဆည်းပူးမှုမှ ရရှိထားသည့် မြန်မာစာဆိုင်ရာ အသိပညာနှင့် ကိုယ်ပိုင်တွေးခေါ်စဉ်းစားမှု၊ ကိုယ်ပိုင်အရေးအသားအတင်အပြ စွမ်းရည်တို့ဖြင့် ဖြေဆိုရမည့် ရာခိုင်နှုန်း ၅၀ ရာခိုင်နှုန်းတို့ဖြင့် အချိုးညီမျှစွာ ဖွဲ့စည်းထားပါသည်။

 

     ပြောင်းလဲအသုံးပြုမည့်မေးခွန်းပုံစံသစ်သည် ယခင်အသုံးပြုခဲ့သည့် မေးခွန်းပုံစံ၏ အားသာချက် အားနည်းချက်များ၊ ကျောင်းသူကျောင်းသားတို့၏ အားသာချက် အားနည်းချက်များ၊ သင်ကြား ပို့ချလျက် ရှိကြသည့် ဆရာဆရာမတို့၏ ထိရောက်စွာသင်ကြားနိုင်ရေး၊  မြန်မာစာဘာသာရပ်၏ သဘောသဘာဝနှင့် အနှစ်သာရ၊ စစ်ဆေးအကဲဖြတ်ရာတွင် ကျောင်းသူ ကျောင်းသားတို့ နစ်နာမှု မရှိစေရေး စသည့် ဘက်ပေါင်းစုံမှ လေ့လာသုံးသပ်ကာ  ပြုပြင်ပြောင်းလဲထားခြင်းဖြစ်ရာ လေ့လာသင်ယူလျက်ရှိသည့် ကျောင်းသူ ကျောင်းသား များ၊ သင်ကြားသည့် ဆရာ ဆရာမများအတွက် အကျိုးဖြစ်ထွန်းစေမည်သာမက  စစ်ဆေးအကဲဖြတ်ရာတွင် အမှတ်ခွဲဝေမှုစနစ် ပို၍ ရှင်းလင်းပြတ်သားတိကျမှု ရှိလာမည်ဖြစ်ပါသည်။ ထို့ပြင် ကျောင်းသူကျောင်းသားများ၏ စဉ်းစား တွေးခေါ်နိုင်စွမ်း ထက်မြက်လာမှု၊ မြန်မာစာ ထိရောက်မှန်ကန်စွာ ရေးသားအသုံးချနိုင်မှု စသည့် လက်တွေ့ ဘဝအတွက် ပိုမိုအသုံးဝင်မည့် သင်ကြားသင်ယူမှုအခြေအနေများ တိုးတက်ဖြစ်ထွန်း လာစေမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။