၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ တံခွန်စိုက်ဆုဖလားအား တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ဆွတ်ခူးရရှိ

နေပြည်တော်  ၂၃  ဇန်နဝါရီ


၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ တံခွန်စိုက်ဆုဖလားကို တနင်္သာရီ တိုင်းဒေသကြီးအသင်းမှ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

 

mdn


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်ကို ယနေ့ မွန်းလွဲ ၃ နာရီက  နေပြည်တော် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီးအသင်းမှ မကွေးတိုင်းဒေသကြီး အသင်းကို ၃ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

 

mdn


တတိယလုပွဲစဉ်အဖြစ် ယနေ့ နံနက်ပိုင်းက နေပြည်တော်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နေပြည်တော်အသင်းမှ မွန်ပြည်နယ်အသင်းကို ၃ ဂိုး၊ ဂိုး မရှိဖြင့် အနိုင်ရရှိခဲ့သည်။


ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အမျိုးသားတံခွန်စိုက်ဆုဖလား ရရှိသွားသော တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ဒုတိယဆု ရရှိခဲ့သော မကွေးတိုင်းဒေသကြီး အသင်းအား ဆုများပေးအပ်ချီးမြှင်ခဲ့ပြီး တတိယဆုရရှိခဲ့သော နေပြည်တော်အသင်းအား  မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 


(အား/ကာ)

 

mdn