၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ဒုတိယအကျော့ ဇွန် ၁၅ ရက် စတင်ကျင်းပမည်

ရန်ကုန် ၁၃ ဇွန်


၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ဒုတိယအကျော့ကို ဇွန် ၁၅ ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်သည်။ ဒုတိယအကျော့အဖွင့်ပွဲတွင် ဇယားထိပ်ပိုင်းမှ ဟံသာဝတီနှင့် ရတနာပုံအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေပြီး ရှမ်း ယူနိုက်တက်၊ ရန်ကုန်စသည့် အသင်းကြီးများမှာ အိမ်ကွင်းကစားရမည်ဖြစ်သည်။


ဒုတိယအကျော့အဖွင့်ပွဲဖြစ်သည့် ပွဲစဉ် (၁၂) အဖြစ် ဇွန် ၁၅ ရက်တွင် တောင်ကြီးကွင်း၌ ရှမ်းယူနိုက်တက် အသင်းနှင့် Chinland အသင်း၊ ပဲခူး Grand Royal ကွင်း၌ ဟံသာဝတီအသင်းနှင့် ရတနာပုံအသင်း၊ မော်လမြိုင်ကွင်း၌ Southern အသင်းနှင့် ဧရာဝတီအသင်း၊ သုဝဏ္ဏကွင်း၌ ဇွဲကပင်အသင်းနှင့် စစ်ကိုင်းအသင်း၊ ဇွန် ၁၆ ရက်တွင် YUSC ကွင်း၌ ရန်ကုန်အသင်းနှင့် ရခိုင်အသင်း၊ သုဝဏ္ဏကွင်း၌ ဒဂုံအသင်းနှင့် မကွေးအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ဒုတိယအကျော့ပွဲအားလုံးကို အိမ်ကွင်းလက်ခံကစားရမည်ဖြစ်ပြီး ယခုပွဲမှာ ၂၀၁၉ ရာသီ၏ ပထမဆုံးအိမ်ကွင်းပွဲလည်းဖြစ်သည်။ ပထမအကျော့အပြီး အနေအထားအရ ချန်ပီယံဆုအတွက် ခုနစ်သင်း၊ တန်းဆင်းနှစ်နေရာအတွက် ငါးသင်း အပြိုင်ဖြစ်နေပြီး ဒုတိယအကျော့ပွဲများမှာ ပြိုင်ဆိုင်မှုပိုမိုပြင်းထန်ဖွယ်ရှိနေသည်။ ချန်ပီယံဆုမျှော်လင့်နိုင်သည့်အသင်းများအနက် ရှမ်းယူနိုက်တက်နှင့် ရန်ကုန်အသင်းတို့မှာ အိမ်ကွင်း ကစားရမည်ဖြစ်သောကြောင့် နိုင်ပွဲရယူနိုင်ဖွယ်ရှိနေပြီး ဟံသာဝတီနှင့် ရတနာပုံပွဲမှာ ယခုတစ်ပတ်၏ အကောင်းဆုံးပွဲဖြစ်လာနိုင်သည်။ ရာသီဝက်အပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များစွာ ခေါ်ယူထားသည့် ဇွဲကပင်အသင်းနှင့် ပထမအကျော့တွင် အကောင်းဆုံးခြေစွမ်းပြသခဲ့သည့် စစ်ကိုင်းအသင်းတို့၏ တွေ့ဆုံမှုမှာလည်း စိတ်ဝင်စားဖွယ်ကောင်းနေသည်။ ရှမ်းယူနိုက်တက်အသင်းသည် ပထမဆုံးအိမ်ကွင်းပွဲတွင် ၂၀၁၉ ရာသီတွင် ရရှိခဲ့သည့် ချာရတီဖလားကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ အပ်နှံမည်ဖြစ်ပြီး ၂၀၁၇ ရာသီက အမှတ်ပေးနှင့် ရှုံးထွက်ချန်ပီယံဆုရအောင် စွမ်းဆောင်ပေးခဲ့သည့် နည်းစနစ်ဒါရိုက်တာ ဦးဆန်းဝင်း (ကွယ်လွန်)နှင့် နည်းပြချုပ် ဦးစိုးမြတ်မင်းတို့ကို ဂုဏ်ပြုဆုနှင့် ဆုကြေးငွေများ ချီးမြင့်မည်ဖြစ်သည်။ 


ပထမအကျော့အပြီးတွင် ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီအသင်းက ၂၁ မှတ်စီ၊ လက်ရှိချန်ပီယံရန်ကုန်နှင့် ရတနာပုံအသင်းက ရမှတ် ၂၀ စီ၊ စစ်ကိုင်းအသင်းက ၁၉ မှတ်၊ ဧရာဝတီအသင်းက ၁၈ မှတ်၊ ရခိုင်အသင်းက ၁၆ မှတ်၊ မကွေးနှင့် ဇွဲကပင်အသင်းက ၁၀ မှတ်စီ၊ Southern အသင်းက ကိုးမှတ်၊ Chinland အသင်းက ရှစ်မှတ်၊ ဒဂုံအသင်းက ခြောက်မှတ်ရထားသည်။ 


သတင်း-ညီမြတ်သော်တာ
ဓတ်ပုံ-စိုးညွန့်