၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၄ မတ်

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် (၂၀၂၀-၂၀၂၁) ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

 

12gg

 

အစည်းအဝေးတွင် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က  ပညာရေးဝန်ကြီးဌာန၏ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ပုံနှိပ်ခြင်းလုပ်ငန်းစဉ်တွင် ပြန်ကြားရေးဝန်ကြီးဌာနက အစဉ်အမြဲ ပူးပေါင်းပါဝင်ဆောင်ရွက်နေမှု၊  ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များ ပုံနှိပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်နေမှု၊  ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ပုံနှိပ်နိုင်သည့်အရေအတွက်ထက် ကျော်လွန်သည့်  စာအုပ်များကို   ပုဂ္ဂလိက ပုံနှိပ်လုပ်ငန်းရှင်များထံ  တင်ဒါစိစစ်ရေးကော်မတီမှ တစ်ဆင့် တင်ဒါစည်းမျဉ်း စည်းကမ်းများနှင့်အညီ လုပ်ငန်းအပ်နှံဆောင်ရွက်နေမှုနှင့် နောင်လာမည့် ပညာသင်နှစ်များအတွက် ပုံနှိပ်၊ ထုတ်လုပ်ဖြန့်ချိရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် ယခုအစည်းအဝေးအား ကျင်းပရခြင်း ဖြစ်သည်ကို ပြောကြားသည်။

 

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာန၌ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများစသည်ဖြင့် အခြေခံပညာ ကျောင်းသား ကျောင်းသူ ၉ ဒသမ ၇ သန်း ကျော်ရှိမှု၊  အခြေခံပညာ ကျောင်းသားကျောင်းသူများအတွက် နှစ်စဉ်ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ ရိုက်နှိပ်ပေးခြင်း၊ ဖြန့်ဝေပေးခြင်းကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက်ပေးနေမှု၊   သင်ရိုးသစ်များပြုစု ရေးဆွဲရာတွင် နိုင်ငံတကာ သင်ရိုးညွှန်းတမ်းများနှင့်အညီ အရည်အသွေး ပြည့်မီစေရန် အချိန်ယူဆောင်ရွက်နေမှု၊   ပုံနှိပ်မှုလုပ်ငန်းများ၊ ဖြန့်ဝေမှု လုပ်ငန်းများနှောင့်နှေးနိုင်သည့် အတွက်လည်း အချိန်မီပြီးစီးနိုင်စေရန် ပညာရေးဝန်ကြီးဌာနက  ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကို နှစ်စဉ်နှစ်တိုင်း ရိုက်နှိပ်ဖြန့်ချိရာတွင် တစ်နှစ်ထက်တစ်နှစ် အရည်အသွေး ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန်အတွက် အတူတကွ ကြိုးပမ်းဆောင်ရွက်နေမှုတို့ကို  ပြောကြားသည်။

 

ယင်းနောက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ အတွင်းရေးမှူး ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်နှင့် ကျောင်းသုံးစာအုပ်များ ဖြန့်ချိရေးဆပ်ကော်မတီ အတွင်းရေးမှူး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းတို့က (၂၀၂၀-၂၀၂၁) ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိရေးလုပ်ငန်းများ အချိန်မီ ဆောင်ရွက်နိုင်ရန်နှင့် နောင်လာမည့် ပညာသင်နှစ်များအတွက် လုပ်ငန်းဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

 

34gg

 

ဆက်လက်၍ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ကျောင်းသုံးစာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်ဖြန့်ချိရေး လုပ်ငန်းများ ပိုမိုကောင်းမွန်စေရန် လုပ်ဆောင်သွားသင့်သည့် လုပ်ငန်းအစီအမံများကို အကြံပြုဆွေးနွေးသည်။

 

ထို့နောက် အမြဲတမ်းအတွင်းဝန် ဉီးမျိုးမြင့်မောင်နှင့် အစည်းအဝေး တက်ရောက်လာကြသူများက အခြေခံပညာကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ ရိုက်နှိပ်ထုတ်ဝေ ဖြန့်ချိခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။ 

 

သတင်းစဉ်