၂၀၂၀ အာရှ ယူ-၁၆ အမျိုးသားခြေစစ်ပွဲတွင် မြန်မာအသင်း တောင်ကိုရီးယား၊ ထိုင်း၊ တရုတ်တိုင်ပေတို့နှင့် ကျရောက်

၁၂ မေ

 

အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၀ အာရှ ယူ-၁၆ အမျိုးသားခြေစစ်ပွဲ အုပ်စုများကို မဲနှိုက်ရေးဆွဲထုတ်ပြန်လိုက်ပြီဖြစ်ပြီး မြန်မာအသင်းသည် တောင်ကိုရီးယား၊ ထိုင်း၊ တရုတ်တိုင်ပေတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။ 

 

ယင်းခြေစစ်ပွဲတွင် အာရှဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင် ၄၇ နိုင်ငံစလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စုကျပ်အတွင်း ကျရောက်နေသောကြောင့် ခြေစစ်ပွဲအောင်မြင်ရန် ရုန်းကန်ရဖွယ်ရှိနေသည်။ ခြေစစ်ပွဲကို အုပ်စု ၁၁ ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စု (A) တွင် တာဂျစ်ကစ္စတန်၊ ဂျော်ဒန်၊ နီပေါ၊ သီရိလင်္ကာ၊ ကူဝိတ်၊ အုပ်စု (B) တွင် အိန္ဒိယ၊ ဥဇဘက်ကစ္စတန်၊ ဘာရိန်း၊ တာ့ခ်မင်နစ္စတန်အုပ်စု (C) တွင် အီရန်၊ အာဖဂန်နစ္စတန်၊ ပါလက်စတိုင်း၊ မော်လ်ဒိုက်၊ အုပ်စု (D) တွင် အိုမန်၊ ဆော်ဒီ၊ ဆီးရီးယား၊ ပါကစ္စတန်၊ အုပ်စု (E) တွင် ယီမင်၊ ဘင်္ဂလားဒေ့ရှ်၊ ကာတာ၊ ဘူတန်၊ အုပ်စု (F) တွင် အီရတ်၊ ကာဂျစ္စတန်၊ လက်ဘနွန်၊ ယူအေအီး၊ အုပ်စု (G) တွင် အင်ဒိုနီးရှား၊ တရုတ်၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ မြောက်မာရီယာနာကျွန်းစု၊ အုပ်စု (H) တွင် သြစတြေးလျ၊ ဗီယက်နမ်၊ တီမော၊ မွန်ဂိုလီးယား၊ မကာအို၊ အုပ်စု (I) တွင် မြောက်ကိုရီးယား၊ ဟောင်ကောင်၊ စင်ကာပူ၊ ဂူအမ်၊ အုပ်စု (J) တွင် ဂျပန်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ အုပ်စု (K) တွင် တောင်ကိုရီးယား၊ ထိုင်း၊ မြန်မာ၊ တရုတ် (တိုင်ပေ) တို့ ပါဝင်နေသည်။ ခြေစစ်ပွဲကို စက်တင်ဘာတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းပါဝင်သည့် အုပ်စု (K) ပွဲစဉ်များကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။

 

အာရှခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၅ အသင်းကို နည်းပြချုပ်အဖြစ် ဂျပန်နိုင်ငံသား တာကူမူက ကိုင်တွယ်နေပြီး ခြေစစ်ပွဲမတိုင်မီ အာဆီယံ ယူ-၁၅ ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာ ယူ-၁၅ အသင်းကို မတ်လတွင် ပြန်လည်ဖွဲ့စည်းခဲ့ပြီး တရုတ်ဖိတ်ခေါ်ပြိုင်ပွဲနှင့် ဟောင်ကောင်ဖိတ်ခေါ်ပြိုင်ပွဲတို့ ယှဉ်ပြိုင်ခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-စိုးညွန့်