၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ဥရောပ ၅ နိုင်ငံမှ ခရီးသွားများအား ဆိုက်ရောက်ဗီဇာစနစ်ဖြင့် ထပ်မံတိုးချဲ့ဝင်ရောက်ခွင့်ပြုမည်

မန္တလေး ၂၁ ဒီဇင်ဘာ

 

မြန်မာနိုင်ငံအတွင်း ဥရောပခရီးသွားဈေးကွက် မြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်၍ ဥရောပ ၅ နိုင်ငံဖြစ်သည့် ဩစတြီးယား၊ ချက်၊ ဟန်ဂေရီ၊ လူဇင်ဘတ်နှင့် နယူဇီလန်နိုင်ငံများမှ ခရီးသွားများအား မြန်မာနိုင်ငံအတွင်းသို့ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ စမ်းသပ်ကာလ သုံးနှစ်သတ်မှတ်၍ ဆိုက်ရောက်ဗီဇာစနစ်ဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် လေကြောင်းလိုင်းများမှ ထပ်မံတိုးချဲ့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောကြားသည်။

 

မြန်မာနိုင်ငံအတွင်းသို့ ဥရောပခရီးသွားများ ဝင်ရောက်မှုလွယ်ကူစွာဖြင့် တိုးတက်ဝင်ရောက်လာစေရေးအတွက် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှစ၍ စမ်းသပ်ကာလ တစ်နှစ်သတ်မှတ်၍ ဩစတြေးလျ၊ ဂျာမနီ၊ အီတလီ၊ ရုရှား၊ စပိန်နှင့် ဆွစ်စလန်နိုင်ငံများမှ ခရီးသွားများ ဆိုက်ရောက်ဗီဇာစနစ်ဖြင့် ဖြေလျော့မှုပေးကာ လေကြောင်းလိုင်းများမှ ဝင်ရောက်ခွင့်ပြုခဲ့ပြီး ယခုအခါ ဥရောပ ၅ နိုင်ငံအား ထပ်မံတိုးချဲ့၍ ခွင့်ပြုပေးခြင်းဖြစ်ကြောင်း သိရသည်။

 

''ကျွန်တော်တို့ ဝန်ကြီးဌာနက ခရီးသွားလုပ်ငန်းမှာ ပါဝင်ပတ်သက်သူတွေရဲ့ အကျိုးစီးပွား၊ ဒေသခံပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကို တိုက်ရိုက်၊ သွယ်ဝိုက်၊ ဆက်စပ်ပြီး အကျိုးပြုမယ့် ခရီးသွားဧည့်သည်တွေ နိုင်ငံအတွင်းကို ပိုမိုဝင်ရောက်နိုင်ဖို့အတွက် ဆက်စပ်ဌာနဆိုင်ရာတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အခုလို ဖြေလျော့မှုတွေပေးပြီး ဝင်ရောက်ခွင့်ပြုတဲ့အတွက် ဥရောပခရီးသွားတွေ အရင်ထက် ပိုမိုဝင်ရောက်လာမယ်လို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် ဒီလောက်နဲ့ ရပ်တန့်မနေဘဲ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ ခရီးသွားကဏ္ဍမှာ ပါဝင်ပတ်သက်သူတွေနဲ့ ပူးပေါင်းပြီး ဒီထက်ပိုမိုကောင်းမွန်တဲ့ အစီအမံတွေနဲ့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ၎င်းက ပြောသည်။

 

ထို့ပြင် နိုင်ငံတော်အစိုးရမှ ခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတကာခရီးသွားများ ပြည်တွင်းသို့ ဝင်ရောက်မှု လွယ်ကူစေရန် ဗီဇာဖြေလျော့မှုများအဖြစ် ၂၀၁၈ ခုနှစ် အောက်တိုဘာလမှစ၍ စမ်းသပ်ကာလ တစ်နှစ်သတ်မှတ်၍ တောင်ကိုရီးယား၊ ဂျပန်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟောင်ကောင်နှင့် မကာအိုတို့အား ဗီဇာကင်းလွတ်ခွင့်ပြု၍လည်းကောင်း၊ တရုတ်နိုင်ငံအား ဆိုက်ရောက်ဗီဇာ စနစ်ဖြင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံအား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိလည်းကောင်း၊ ဆိုက်ရောက်ဗီဇာစနစ်ဖြင့် ဝင်ရောက်ခွင့်ပြုခဲ့သည့်အပြင် ယခုအခါ အဆိုပါနိုင်ငံများ၏ ဝင်ရောက်ခွင့်အတွက် ဖြေလျော့မှုအား တစ်နှစ်သက်တမ်း ထပ်မံတိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံတကာခရီးသွားများ တိုးတက်ဝင်ရောက်လာစေရန် ဗီဇာဖြေလျော့မှုများကြောင့် လက်ရှိအချိန်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းသို့ နိုင်ငံတကာ ခရီးသွားများ ဝင်ရောက်မှုမှာ ၂၀၁၈ ခုနှစ်အတွင်း ၄၉၂၀၉၇ ဦး ရှိခဲ့ရာမှ ယခု ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၁၁ လတာ ကာလအတွင်း ၆၂၀၁၈၉ ဦးအထိ တိုးတက်များပြားစွာ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)