၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၁၃) ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲတာဝန်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ

မောင်စာဂ
 

ရွေးကောက်ပွဲတစ်ခုကျင်းပမည်ဆိုလျှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် မှ တာဝန်ရှိသူများအပြင် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့ အစည်းများမှ ဌာနဆိုင်ရာဝန်ထမ်းများလည်း ပါဝင် ဆောင်ရွက်ကြရသည်။ မည်သို့ဆောင်ရွက်ကြရသနည်း။ မည်သို့တာဝန်ရှိကြသနည်း။ အနှစ်ချုပ်မျှဝေပါရစေ။

 

ရွေးကောက်ပွဲကျင်းပရန် တာဝန်နှင့်လုပ်ပိုင်ခွင့်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၉ နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀ တို့အရ လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပရန်နှင့် ရွေးကောက်ပွဲများကိုကြီးကြပ်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် တာဝန်ရှိသည်။ ထို့ပြင် ရွေးကောက်ပွဲများကိုကြီးကြပ်စေရန် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကိုလည်း ဖွဲ့စည်းနိုင်သည့် လုပ်ပိုင်ခွင့်ရှိသည်။

တစ်ဆက်တည်းပင် လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒနယ်များ သတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်း၊ မဲစာရင်းများ ပြုစုခြင်းနှင့် ပြင်ဆင်ခြင်း၊ သဘာဝဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း၊ နယ်မြေလုံခြုံရေးအ‌ခြေအနေအရ သော်လည်းကောင်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်များ၏ ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းခြင်းစသည့် လုပ်ပိုင်ခွင့်များလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင်ရှိပါသည်။

 

ရွေးကောက်ပွဲ ကြီးကြပ်ရန်တာဝန်

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၉ (ခ)နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀ (ခ)နှင့် (ဂ) ပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များအရ ရွေးကောက်ပွဲများကို ကြီးကြပ်စေရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ခရိုင်နှင့် မြို့နယ်တို့၏ အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ကို ဖွဲ့စည်းသည်။
ထို့ပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသော မူဝါဒ များနှင့်အညီ မိမိတို့၏ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို ဖွဲ့စည်းသည်။

 

ဌာနဆိုင်ရာများပါဝင်လာခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကိုဖွဲ့စည်းရာတွင် သက်ဆိုင်ရာဒေသရှိ အများယုံကြည်လေး စားခြင်းခံရသော ပုဂ္ဂိုလ်ခြောက်ဦး၊ သက်ဆိုင်ရာအဆင့်ရှိ အစိုးရဌာနကိုးခုမှ တာဝန်ခံအရာရှိ ကိုးဦးနှင့် ရွေးကောက်ပွဲအရာရှိတစ်ဦး စုစုပေါင်း ၁၆ ဦးပါဝင်သည်။ အများယုံကြည်လေးစားခြင်းခံရသော ပုဂ္ဂိုလ်တစ်ဦးက ဥက္ကဋ္ဌဖြစ်ပြီး သက်ဆိုင်ရာရွေးကောက်ပွဲအရာရှိက အတွင်းရေးမှူးတာဝန် ထမ်းဆောင်ရသည်။

အစိုးရဌာန ကိုးခုဟုဆိုရာတွင် သက်ဆိုင်ရာ တိုင်း ဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ဆင့်တွင်ရှိ သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊
ပညာရေးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဥပဒေရုံး၊ စာရင်းစစ်ရုံးနှင့် စည်ပင်သာယာရေးအဖွဲ့တို့ဖြစ်သည်။ ယင်းဌာန ကိုးခုတွင် တာဝန်ထမ်းဆောင်နေရသော တာဝန်ခံအရာရှိများသည် သက်ဆိုင်ရာအဆင့်ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် အဖွဲ့ဝင်များ ဖြစ်ကြသဖြင့် ၎င်းတို့သည် သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၏ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည်။

 

ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၈ ပါ ပြဋ္ဌာန်းချက်များအရ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်သည် လွှတ်တော်ရွေးကောက်ပွဲများကျင်းပခြင်း၊ ကြီးကြပ်ခြင်း၊ မဲစာရင်းများပြုစုခြင်း၊ ပြင် ဆင်ခြင်းနှင့်ကြေညာခြင်း၊ ရွေးကောက်ပွဲနှင့် သက်ဆိုင် သည့် စာရင်းဇယားများနှင့် မှတ်တမ်းများကို တိကျစွာ ပြုစုထိန်းသိမ်းခြင်း၊ လျှို့ဝှက်ဆန္ဒမဲပေးခြင်းတို့ ဖော်ဆောင်ခြင်း၊ ရွေးကောက်ပွဲဝင် လွှတ်တော် ကိုယ်စားလှယ်လောင်းများအတွက် မှန်မှန်ကန်ကန် ဆောင်ရွက်ခြင်း၊ မည်သည့် လွှတ်တော် ကိုယ်စားလှယ်လောင်းအတွက်မျှ မဲမဆွယ်ရခြင်း၊ ဘက် မလိုက်ရခြင်းဟူ၍ တာဝန်နှင့် လုပ်ပိုင်ခွင့်များအဖြစ် ပြဋ္ဌာန်းထားသည်။

သို့ဖြစ်ရာ သက်ဆိုင်ရာအဆင့်ရှိ အစိုးရဌာန ကိုးခုတွင် တာဝန်ထမ်းဆောင်နေကြရသော တာဝန်ခံအရာရှိများ သည် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများ၏ အဖွဲ့ဝင်များ ဖြစ်ကြပြီး ရွေးကောက်ပွဲလုပ်ငန်းများကို ကိုယ်တိုင် ကိုယ်ကျ ပါဝင်ကြီးကြပ်ခွင့်ရရှိကြသည့် တာဝန် ရှိသူများဖြစ်ကြသည်။ သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက အဆုံးအဖြတ်ပြုတိုင်းပြုတိုင်း ပါဝင် ဆောင်ရွက်ကြရသည်။ ထိုသူများသည် မိမိ၏ဌာန ဆိုင်ရာလုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင် နေကြရင်းနှင့် နိုင်ငံ့တာဝန်ဖြစ်သည့် ရွေးကောက်ပွဲ လုပ်ငန်းတာဝန်များကိုလည်း ပါဝင်ဆောင်ရွက်ခွင့် ရကြသည်။

 

ရွေးကောက်ပွဲကြိုတင်မဲပေးခြင်းတာဝန်

ရွေးကောက်ပွဲတစ်ခုတွင် မဲရုံသို့ မဲဆန္ဒရှင်ကိုယ်တိုင် သွားရောက်မဲပေးရသည်။ မဲရုံသို့ ကိုယ်တိုင်သွားရောက် ဆန္ဒမဲပေးနိုင်ခြင်းမရှိသူများအတွက် ကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့် ဆန္ဒမဲပေးခြင်းရှိသည်။ မဲဆန္ဒနယ်ပြင်ပ ရောက်ရှိနေသော ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ
ဖြစ်ကြသည့် တပ်မတော်သားများနှင့် အတူနေမိသားစုများ အတွက် သက်ဆိုင်ရာတပ်မှူးကတာဝန်ယူ၍ ကြိုတင် ဆန္ဒမဲရယူခြင်းကို ဆောင်ရွက်ရသည်။ ကျောင်းသားများ၊ သင်တန်းသားများ၊ အချုပ်ခံနေရသူများ၊ ဆေးရုံတက်ရောက်နေရသောအတွင်းလူနာများအတွက် သက်ဆိုင်ရာ ဌာနအကြီးအမှူးကတာဝန်ယူ၍ လည်းကောင်း၊ နိုင်ငံ ပြင်ပတွင်ရောက်ရှိနေသူ မဲဆန္ဒရှင်များအတွက် နိုင်ငံခြား ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာသံရုံး၊ အမြဲတမ်း ကိုယ်စားလှယ်ရုံးနှင့် ကောင်စစ်ဝန်ရုံးတို့မှတာဝန်ယူ၍လည်းကောင်း ကြိုတင်ဆန္ဒရယူခြင်းကို ဆောင်ရွက်ကြရ သည်။

ထိုသူများသည်လည်း နိုင်ငံ့ဝန်ထမ်းများဖြစ်ကြသည်။ မိမိတို့၏ဌာနဆိုင်ရာတာဝန်များကို ထမ်းဆောင်ရင်း နိုင်ငံ့တာဝန်ဖြစ်သည့် ရွေးကောက်ပွဲလုပ်ငန်းတာဝန်များ ကို ထမ်းဆောင်ကြရသည်။

 

မဲရုံတွင်ကြီးကြပ်ခြင်းတာဝန်

ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံကိုကြီးကြပ်တာဝန် ယူရသည်မှာ မဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များ ဖြစ်ကြသည်။ သက်ဆိုင်ရာရွေးကောက်ပွဲဥပဒေပုဒ်မ ၃၉ အရ မြို့နယ် ကော်မရှင်အဖွဲ့ခွဲသည် နိုင်ငံ့ဝန်ထမ်းများထဲမှ သင့် လျော်သည့်သူများကို မဲရုံမှူးများအဖြစ်ခန့်အပ်ရသည်။ မဲရုံအဖွဲ့ဝင်များကို ဖြစ်နိုင်သရွေ့ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံအများ ယုံကြည်လေးစားခြင်းခံရသူများကို ခန့်အပ်သည်။ ထို့ကြောင့် မဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များ အဖြစ် ခန့်အပ်ခြင်းခံရသော နိုင်ငံ့ဝန်ထမ်းများသည်
မိမိတို့၏ ဌာနဆိုင်ရာလုပ်ငန်းတာဝန်များကို ထမ်းဆောင်ရင်း နိုင်ငံ့တာဝန်ဖြစ်သည့် ရွေးကောက်ပွဲ လုပ်ငန်းတာဝန်များကိုလည်း ထမ်းဆောင်ကြရသည်။

 

ရွေးကောက်ပွဲလုံခြုံရေးတာဝန်နှင့်ကျန်းမာရေးစောင့်ရှောက်မှု

ရွေးကောက်ပွဲတစ်ခုကျင်းပမည်ဆိုလျှင် လုံခြုံရေးက အရေးကြီးသည်။ ရွေးကောက်ပွဲမကျင်းပမီ ဆန္ဒမဲ လက်မှတ်များနှင့် မဲရုံသုံးပစ္စည်းကိရိယာ စာရွက်စာတမ်း များ သယ်ယူဖြန့်ဖြူးခြင်းလုပ်ငန်း၊ ထိန်းသိမ်းခြင်း လုပ်ငန်း၊ ရွေးကောက်ပွဲကျင်းပသည့်နေ့ ဆန္ဒမဲပေးခြင်း၊ မဲရလဒ်ကြေညာခြင်းစသည့် လုပ်ငန်းများအပါအဝင် ရွေးကောက်ပွဲကာလတစ်လျှောက်လုံး ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် လုံခြုံမှုရှိစေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဦးဆောင်၍ ရွေးကောက်ပွဲလုံခြုံရေးတာဝန်များယူကြရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် မိမိတို့၏ ဌာနဆိုင်ရာတာဝန်များကို ထမ်းဆောင်ရင်း နိုင်ငံ့တာဝန် ဖြစ်သည့် ရွေးကောက်ပွဲလုပ်ငန်းတာဝန်များကိုလည်း ထမ်းဆောင်ကြရသည်။
အချို့သော မဲရုံတော်တော်များများတွင်လည်းသက်ကြီး ရွယ်အိုများနှင့် မသန်စွမ်းသူများအား ဘေးအန္တရာယ် လုံခြုံမှုရှိစေရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုပေးနိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေး ဌာနမှဝန်ထမ်းများက ပါဝင်၍ ရွေးကောက်ပွဲတာဝန်များ ထမ်းဆောင်ပေးရသည်။ နိုင်ငံ့တာဝန်ထမ်းဆောင်ခြင်းပင်ဖြစ်သည်။

 

ဌာနဆိုင်ရာလုပ်ငန်းတာဝန်နှင့်ရွေးကောက်ပွဲတာဝန်

ရွေးကောက်ပွဲလုပ်ငန်းတာဝန်သည် နိုင်ငံတော်တာဝန် ဖြစ်သည်။ ပြည်သူနှင့်နိုင်ငံတော်အတွက် အရေးကြီးသောလုပ်ငန်းတာဝန်ဖြစ်သည်။ နိုင်ငံသူနိုင်ငံသားများက မိမိတို့ကိုယ်စား ပြည်သူနှင့် နိုင်ငံတော်အတွက် အရေး အရာများကိုဆောင်ရွက်နိုင်ရန် မိမိတို့၏ကိုယ်စားလှယ် များကို ဆန္ဒမဲပေး၍ ရွေးချယ်ပေးရသည့်လုပ်ငန်းဖြစ် သည်။ ဥပဒေနှင့်အညီ လွတ်လပ်ရသည်။ မျှတစွာဆောင် ရွက်ရသည်။ မွန်မြတ်သန့်စင်သောလုပ်ငန်းဟုလည်း ခေါ်ဆိုနိုင်သည်။

ဌာနဆိုင်ရာဝန်ထမ်းများသည် မိမိတို့၏ဌာနဆိုင်ရာလုပ်ငန်းတာဝန်များကိုထမ်းဆောင်ရင်း နိုင်ငံတော် တာဝန်ဖြစ်သည့် ရွေးကောက်ပွဲလုပ်ငန်းတာဝန်များကို ထမ်းဆောင်ခွင့်ရရှိခြင်းသည် တန်ဖိုးထား၍ ဂုဏ်ယူစရာ ပင်ဖြစ်သည်။ မိမိတို့၏ဌာနဆိုင်ရာလုပ်ငန်းတာဝန်များကိုကျေပွန်စွာထမ်းဆောင်ရင်း နိုင်ငံ့တာဝန်ဖြစ်သည့် ရွေးကောက်ပွဲလုပ်ငန်းတာဝန်များကိုလည်း မပျက် မယွင်း လစ်ဟင်းမှုမရှိစေရေး ကြိုးပမ်းအားထုတ်ဆောင် ရွက်ကြရပါမည်။

သို့ဖြစ်ရာ ရွေးကောက်ပွဲတာဝန်ထမ်းဆောင်ခွင့်ရရှိ ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ နိုင်ငံ့တာဝန်ဖြစ်သော ရွေးကောက်ပွဲလုပ်ငန်းများကို ကျေပွန်စွာထမ်းဆောင် ခြင်းဖြင့် ဂုဏ်ယူဝင့်ကြွားနိုင်ကြစေလိုကြောင်းပါ။

ဌာနဆိုင်ရာဝန်ထမ်းများ၊ မိမိတို့၏ဌာနဆိုင်ရာလုပ်ငန်းတာဝန်များ ကျေပွန်စွာဆောင်ရွက်နိုင် ကြပါစေ၊
နိုင်ငံ့တာဝန်ဖြစ်သည့် ရွေးကောက်ပွဲတာဝန် များကိုလည်း စွမ်းအားရှိသမျှ ပါဝင်ဆောင်ရွက် နိုင်ကြပါစေ၊ ဌာနဆိုင်ရာလုပ်ငန်းတာဝန်များ ထမ်းဆောင် ရင်း ရွေးကောက်ပွဲ တာဝန်များကို ထမ်းဆောင်ခွင့်ရရှိခြင်းဖြင့် ဂုဏ်ယူဝင့်ကြွားနိုင် ကြပါစေ။ ။