၂၀၂၀ ပြည့်နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်း လူကုန်ကူးမှု ၂၂ မှု အရေးယူနိုင်ခဲ့

ရန်ကုန် ၁၀  မတ်

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် လူကုန်ကူးခံရမှုပေါင်း ၁၅ မှုနှင့် ဖေဖော်ဝါရီလ တွင် လူကုန်ကူးခံရမှု ခုနစ်မှုရှိခဲ့ပြီး အမျိုးသမီးနှင့် ကလေးများမှာ အများဆုံး လူကုန်ကူးခံနေရကြောင်း၊ အဓမ္မလက်ထပ်စေခိုင်းမှုမှာ အများဆုံးဖြစ်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ဖေဖော်ဝါရီလတွင် လူကုန်ကူးခံရမှုပေါင်း ခုနစ်မှုမှာ လူကုန်ကူးခံရသူပေါင်း ၁၈ ဦး (အမျိုးသားတစ်ဦး၊ အမျိုးသမီး ၁၂ ဦး၊ မိန်းကလေး ငါးဦး) ပြစ်မှု ကျူးလွန်သူ အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီး ၁၅ဦး စုစုပေါင်း ၂၁ ဦးတို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ် ဖမ်းဆီးအရေးယူ နိုင်ခဲ့သည်။ အဆိုပါအမှုများမှာ ရန်ကုန်တိုင်းဒေသကြီးမှ လေးမှု၊ ရှမ်းပြည်နယ်မှ တစ်မှု၊ ပဲခူးတိုင်းဒေသကြီးမှ တစ်မှု၊ မကွေးတိုင်းဒေသကြီးမှ တစ်မှုဖြစ်ပြီး တရုတ်နိုင်ငံတွင် အဓမ္မလက်ထပ်မှု သုံးမှု၊ ပြည်တွင်း၌ အဓမ္မပြည့်တန်ဆာမှု သုံးမှုနှင့် အဓမ္မစေခိုင်းမှု တစ်မှုဖြစ်သည်။

ဇန်နဝါရီလတွင် လူကုန်ကူးခံရမှုပေါင်း ၁၅ မှုမှာ လူကုန်ကူးခံရသူပေါင်း ၂၇ ဦး (အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၁၄ ဦး၊ မိန်းကလေး သုံးဦး)၊ ပြစ်မှု ကျူးလွန်သူ ၂၈ ဦး (အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၁၈ ဦး)ဖမ်းဆီးရမိခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးမှ သုံးမှု၊ ရှမ်းပြည်နယ်မှ သုံးမှု၊ ကချင်ပြည်နယ်မှ သုံးမှု၊ မန္တလေးတိုင်းဒေသကြီးမှ နှစ်မှု၊ ရန်ကုန်တိုင်းတိုင်းဒေသကြီးမှ နှစ်မှု၊ ပဲခူးတိုင်းတိုင်းဒေသကြီးမှ တစ်မှု၊ နေပြည်တော်မှ တစ်မှုဖြစ်ကြပြီး တရုတ် နိုင်ငံတွင် အဓမ္မလက်ထပ်မှု ၁၀ မှုနှင့် အဓမ္မစေခိုင်းမှု တစ်မှု၊ ပြည်တွင်း၌ အဓမ္မစေခိုင်းမှု လေးမှုတို့ဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ လူကုန်ကူးမှု အမှုပေါင်း ၂၃၉ မှုရှိပြီး ပြစ်မှုကျူးလွန်သူ အမျိုးသား ၂၇ ဦးနှင့် အမျိုးသမီး ၅၀၅ ဦး စုစုပေါင်း ၇၃၂ ဦးကို စုံစမ်းဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကာ လူကုန်ကူးခံရသူ | အမျိုးသား ၆၁ ဦးနှင့် အမျိုးသမီး ၂၉၇ ဦး စုစုပေါင်း ၃၅၈ ဦးရှိခဲ့သည်။ ယင်းတို့ | အနက် ရန်ကုန်တိုင်းဒေသကြီးမှ၆၅ ဦးနှင့် ရှမ်းပြည်နယ်မှ ၆၅ ဦးဖြင့် အများဆုံး လူကုန်ကူးခံခဲ့ရပြီး မန္တလေးတိုင်းဒေသကြီးမှ၂၈ မှု၊ ဧရာဝတီတိုင်းဒေသကြီးမှ ၂၈ မှု၊ ကချင်ပြည်နယ်မှ ၂၅ မှု၊ ပဲခူးတိုင်းဒေသကြီးမှ ၁၂ မှု၊ မွန်ပြည်နယ်မှ လေးမှု၊ စစ်ကိုင်းတိုင်းဒေသကြီးမှ သုံးမှု၊ ကရင်ပြည်နယ်မှ သုံးမှု၊ နေပြည်တော်မှ နှစ်မှု၊ တနင်္သာရီတိုင်းဒေသကြီးမှ နှစ်မှု၊ မကွေးတိုင်းဒေသကြီးမှ တစ်မှု၊ ချင်းပြည်နယ်မှ တစ်မှုဖြစ်သည်။

၂၀၁၉ ခုနှစ်တွင် လူကုန်ကူးမှု ဦးတည်သည့်နိုင်ငံများအနက် တရုတ်နိုင်ငံ တွင် ၁၉၆ မှုမှာ အဓမ္မလက်ထပ်စေခိုင်းမှု ၁၈၈ မှု၊ အဓမ္မစေခိုင်းမှု သုံးမှု၊ ပြည့်တန်ဆာမှု နှစ်မှု၊ အဓမ္မမွေးစားမှု တစ်မှုနှင့် အငှားကိုယ်ဝန်ဆောင်ခိုင်းစေမှု နှစ်မှု၊ ထိုင်းနိုင်ငံမှ အဓမ္မစေခိုင်းမှု တစ်မှုနှင့် မလေးရှားနိုင်ငံမှ အဓမ္မစေခိုင်းမှု နှစ်မှုကို ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့သည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် လူကုန်ကူးမှု ၁၈ မှုတွင် အမျိုးသား လေးဦး၊ အမျိုးသမီး၂၈ ဦး၊ ယောက်ျားလေး တစ်ဦး၊ မိန်းကလေး လေးဦး စုစုပေါင်း ၃၇ ဦး လူကုန်ကူးခံရပြီး ပြစ်မှုကျူးလွန်သူ အမျိုးသား ၁၇ ဦးနှင့် အမျိုးသမီး ၄၁ ဦး စုစုပေါင်း ၅၈ ဦး ဖမ်းဆီးနိုင်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလနှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့်လျော့နည်းကြောင်း သိရသည်။

လူကုန်ကူးမှုကျူးလွန်သူကို ပြစ်မှုထင်ရှားပါက တည်ဆဲဥပဒေအရ အနည်းဆုံး ထောင်ဒဏ် ငါးနှစ်မှ ၁၀ နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ အမျိုးသမီးနှင့် ကလေးငယ်များအပေါ် ကျူးလွန်ပါက အနည်းဆုံး ထောင်ဒဏ် နှစ် ၂၀ မှ၊ အများဆုံး တစ်သက် တစ်ကျွန်းအထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

လူကုန်ကူးမှုတားဆီးကာကွယ်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲ နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို နယ်စပ်မြို့များနှင့် နိုင်ငံအနှံ့အပြားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးရဲတပ်ဖွဲ့စုများက လုပ်ဆောင်လျက်ရှိသည်။

သန့်ဇင်ဝင်း