၂၀၂၀ ပြည့်နှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့

 ၁၅ အောက်တိုဘာ

အောက်တိုဘာလ ၁၆ ရက်နေ့ကို ကမ္ဘာ့စားနပ်ရိက္ခာနေ့ အဖြစ်သတ်မှတ်ပြီး ၁၉၈၁ ခုနှစ်မှ စတင်၍ နှစ်စဉ်မပျက် ကျင်းပလာခဲ့တာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၆ ရက်မှာဆိုရင် အကြိမ် (၄၀) ပြည့်မြောက်ပြီ ဖြစ်ပါ ယ်။ ဒီနှစ်မှာတော့ ကမ္ဘာတစ်ဝန်းလုံး ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားနေတာကြောင့် စုစုရုံးရုံး၊ စည်စည် ကားကားကျင်းပနေကျပုံစံအစား ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့်သာ ကျင်းပနိုင်ကြမှာဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း နိုင်ငံအသီးသီးမှာ ကျင်းပနိုင်ဖို့ ဦးဆောင်စည်းရုံးဆောင် ရွက်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းကတော့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization of the United Nations - FAO) ပဲဖြစ်ပါတယ်။ ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ က အိမ်ရှင်နိုင်ငံရဲ့အစိုးရအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ ျား၊ မိတ်ဖက်အသင်းအဖွဲ့၊ အဖွဲ့အစည်းများနဲ့ ပူးပေါင်း ပြီး စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပလာခဲ့ကြတာဖြစ်ပါတယ်။

နောက်ခံသမိုင်း

၁၉၇၉ ခုနှစ်မှာ ကျင်းပတဲ့ ကုလသမဂ္ဂစားနပ်ရိက္ခာ နဲ့စိုက်ပျိုးရေးအဖွဲ့ရဲ့ အကြိမ် (၂၀) မြောက် အထွေထွေ ညီလာခံမှာ ဟန်ဂေရီနိုင်ငံက ကမ္ဘာ့စားနပ်ရိက္ခာနေ့ကို သတ်မှတ်ပေးဖို့ အဆိုပြုခဲ့ပါတယ်။ ညီလာခံက ကမ္ဘာ့စားနပ်ရိက္ခာနေ့ကို သတ်မှတ်ပေးနိုင်ခဲ့ရုံမက ဆင်းရဲမှုနဲ့ ငတ်မွတ်ခေါင်းပါးမှု ပပျောက်ရေး အသိပညာပေးနှိုးဆော်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခမ်းအနားများကို ကမ္ဘာတစ်ဝန်းလုံးမှာ နှစ်စဉ်ကျင်းပကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)ကို စတင်ဖွဲ့စည်းခဲ့တဲ့ ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်ကို ဂုဏ်ပြုတဲ့အနေနဲ့ အောက်တိုဘာလ ၁၆ ရက်ကို ကမ္ဘာ့စားနပ်ရိက္ခာနေ့အဖြစ် သတ်မှတ်ကြဖို့ အများ သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ ဆိုတာဟာ ကမ္ဘာတစ်ဝန်းစားနပ်ရိက္ခာဖူလုံရေး ကူညီဆောင် ရွက်ပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ရဲ့ အထိမ်း အမှတ်တံဆိပ်အပေါ်ပိုင်းမှာ FAO ဆိုတဲ့အဖွဲ့ရဲ့ အမည်နဲ့ ဂျုံနှံပုံပါရှိပြီး အောက်ခြေမှာ FIAT PANIS ဆိုတဲ့ ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ရဲ့ ဆောင်ပုဒ်ကို တွေ့ရမှာဖြစ်ပါတယ်။ FIAT PANIS ဆိုတာက လက်တင်ဘာသာနဲ့ ရေးသားထားတာဖြစ်ပြီး စားနပ်ရိက္ခာရစေလိုတဲ့ စေတနာကိုဖော်ဆောင်တဲ့ Let there " be bread လို့ အဓိပ္ပာယ်ရပါတယ်။ FAO ရည်မှန်းချက် ပန်းတိုင်မှာ “လူတိုင်း စားနပ်ရိက္ခာဖူလုံမှုရှိစေရန်နှင့် ကျန်းမာရွှင်လန်းသော ဘဝများကို ပိုင်ဆိုင်နိုင်ရေးအတွက် အရည်အသွေးမြင့်မားသည့် အစားအစာများကို လုံလုံလောက်လောက်နှင့် ပုံမှန်ရရှိစေရေး အာမခံချက်ရှိစေရန် ဖြစ်ပါတယ်။

ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့စိုက်ပျိုးရေးအဖွဲ့ရုံးချုပ်က အီတလီနိုင်ငံ ရောမမြို့မှာ အခြေစိုက်ပါတယ်။ အဖွဲ့ဝင်နိုင်ငံနဲ့ အဖွဲ့အစည်းပေါင်း ၁၉၇ ခုရှိပါတယ်။ ရုံးချုပ်အောက်မှာ ဒေသဆိုင်ရာရုံးငါးရုံးရှိပါတယ်။ အာဖရိက ဒေသ၊ အာရှနှင့်ပစိဖိတ်ဒေသ၊ ဥရောပနှင့်အာရှအလယ် ပိုင်းဒေသ၊ လက်တင်အမေရိကနှင့် ကာရစ်ဘီယံဒေသ၊ နှင့် အရှေ့အလယ်ပိုင်းဒေသရယ်လို့ ဒေသငါးခုခွဲခြား ထားပါတယ်။ ကျွန်တော်တို့ရဲ့ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး(Regional office for Asia and the Pacific) က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အခြေစိုက်တည်ရှိ ပါတယ်။

မြန်မာနိုင်ငံက လွတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ် ကတည်းက FAO ရဲ့ အဖွဲ့ဝင် စတင်ဖြစ်ခဲ့ပါတယ်။ ၁၉၇၇ ခုနှစ်မှာ FAO ဌာနေကိုယ်စားလှယ်ရုံးကို မြန်မာနိုင်ငံ ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ပူးပေါင်းဆောင် ရွက်မှုများ တိုးတက်ခိုင်မာလာခဲ့ပါတယ်။ ယခုအခါ FAO မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ်ရုံးက နေပြည်တော်မှာ ရုံးစိုက်ပါတယ်။ ဌာနေကိုယ်စားလှယ်ကိုယ်တိုင် နေပြည်တော်မှာ ရုံးထိုင်သော်လည်း ရုံးလုပ်ငန်းအချို့ ဆောင်ရွက်နိုင်ရန်အတွက် ယခင်ရုံးစိုက်ခဲ့သည့် ရန်ကုန် ရုံးကိုလည်း ရုံးခွဲအဖြစ် ဆက်လက်ဖွင့်လှစ်ထားပါတယ်။

ဒီနှစ်ကမ္ဘာ့စားနပ်ရိက္ခာနေ့က FAO ဖွဲ့စည်း တည်ထောင်ခြင်း ၇၅ နှစ်ပြည့်တဲ့နေ့နဲ့လည်း တိုက်ဆိုင်တဲ့ စိန်ရတုအခါသမယလည်းဖြစ်ပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာနေ့အခမ်းအနားကို နိုင်ငံပေါင်း ၁၅၀ ကျော်က နှစ်စဉ်မပျက် အလေးထားကျင်းပကြပါတယ်။ အချို့နိုင်ငံများမှာ အခမ်းအနား ကျင်းပရုံမျှမက ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် ငွေအကြွေစေ့များထုတ်ဝေခြင်း၊ စာပို့ တံဆိပ်ခေါင်းများ ထုတ်ဝေခြင်း၊ နံရံကပ်ပိုစတာများ ထုတ်ဝေခြင်း၊ ပို့စကတ်များထုတ်ဝေခြင်းများ အမှတ်တရ ဆောင်ရွက်ကြပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာနေ့အခမ်းအနားကို စတင်ကျင်းပခဲ့တဲ့ ၁၉၈၁ ခုနှစ်ကစလို့ ယခုနှစ် ၂၀၂၀ ပြည့်နှစ်အထိ နှစ်ပေါင်း (၄၀)တိုင်အောင် နှစ်စဉ်နှစ်တိုင်း အလေးထား စေလိုတဲ့အချက်တွေကို လူထုထံ သတင်းပို့တဲ့အနေနဲ့ ဦးတည်ချက်ဆောင်ပုဒ် (Theme) တစ်ရပ်ရပ်သတ်မှတ် ဖော်ပြကျင်းပခဲ့ကြပါတယ်။ နှစ်အလိုက်သတ်မှတ်ဖော်ပြခဲ့ကြတဲ့ ဦးတည်ချက်ဆောင်ပုဒ်အချို့ ကို နမူနာ ဖော်ပြ အပ်ပါတယ်။

1981: Food comes first

1982: Food comes first

1983: Food security

1984: Women in agriculture

1985: Rural poverty

2016: Climate change: Climate is changing, Food and agriculture must too.

2017: Change the future of migration. Invest in food security and rural development

2018: Our Actions are Our Future, Ending World Hunger by 2030 is possible.

2019: Our Actions are Our Future, Healthy Diets for A Zero Hunger World.

2020: Grow, Nourish, Sustain. Together.

မြန်မာနိုင်ငံနဲ့ ကမ္ဘာ့စားနပ်ရိက္ခာနေ့

စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောကဏ္ဍ တာဝန်ယူထားရတဲ့ ပြည်ထောင်စုဝန်ကြီးဌာနများနဲ့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ ဌာနေကိုယ်စားလှယ်ရုံးတို့ ပူးပေါင်းပြီး နှစ်စဉ်မပျက် အောက်တိုဘာလ ၁၆ ရက်မှာ ကမ္ဘာ့စားနပ်ရိက္ခာနေ့ အခမ်းအနားကို အစီအစဉ်ပေါင်းများစွာနဲ့ ကျင်းပမြဲ ဖြစ်ပါတယ်။ အခမ်းအနားကို ၂၀၁၇ ခုနှစ်မှာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမတွင် လည်းကောင်း၊ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်များမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အစည်းဝေးခန်းမမှာလည်းကောင်း ကျင်းပခဲ့တာဖြစ်ပါတယ်။ နိုင်ငံအသီးသီးက သံတမန်များ၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများက ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားတဲ့ပုဂ္ဂိုလ်များ တက်ရောက်ကြပါတယ်။

ယခင်က အခမ်းအနားများတွင် စိုက်ပျိုးရေးကဏ္ဍ၊ အသားကဏ္ဍ၊ ငါးကဏ္ဍနဲ့ သစ်တောကဏ္ဍတို့မှာ ထူးချွန်စွာ ဆောင်ရွက်နိုင်ခဲ့ကြတဲ့ ပုဂ္ဂလိကကဏ္ဍကပုဂ္ဂိုလ်များ၊ အစိုးရဝန်ထမ်း ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို ဂုဏ်ပြုဆုများ ချီးမြှင့်တဲ့အစီအစဉ်များ၊ ပြခန်းများပြသခြင်းများ ပြုလုပ်လေ့ရှိပါတယ်။ အခမ်းအနားကို ဒုတိယသမ္မတ ကိုယ်တိုင်တက်ရောက် အဖွင့်အမှာစကား မြွက်ကြားပေး

လေ့ရှိပြီး FAO မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ်က ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ညွှန်ကြား ရေးမှူးချုပ်ရဲ့ သဝဏ်လွှာကို ဖတ်ကြားလေ့ရှိပါတယ်။ ယခုနှစ်မှာတော့ ကိုဗစ် - ၁၉ ရောဂါကူးစက်မှုကို ရှောင်ရှားနိုင်ဖို့ လူစုလူဝေးမဖြစ်စေရေးအတွက် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်သာ ကျင်းပနိုင်တော့မှာ ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့

မြန်မာနိုင်ငံတွင် ကမ္ဘာ့စားနပ်ရိက္ခာနေ့အခမ်းအနား ကို ၂၀၁၈ ခုနှစ်က “ငတ်မွတ်ကင်းစင် ၂၀၃၀ တွင်၊ တို့ရဲ့ အနာဂတ် တို့ပြင်ဆင် ဟုလည်းကောင်း၊ ၂၀၁၉ ခုနှစ်က “ကျန်းမာမျှတ အာဟာရ၊ ပြည့်စုံနိုင်ရေး ရည်မျှော်တွေး၊ ယနေ့မှစ ကြိုးစားပေး ဟုလည်းကောင်း ဦးတည်ချက်ဆောင်ပုဒ်များ သတ်မှတ် ကျင်းပခဲ့ကြပါတယ်။ ယခုနှစ် ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ကိုလည်း “အာဟာရတိုး လူ့အကျိုးကို ဖွံ့ဖြိုးစေရန် တို့ရည်သန်၍ ဧကန်ဖွင့်လှစ် ကမ္ဘာသစ် ဦးတည်ချက်ဆောင်ပုဒ်ဖြင့် ကျင်းပမည့် အခမ်းအနားအစီအစဉ်ကို ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ ဆောင်းပါးဖြင့် ကြိုဆိုဂုဏ်ပြု အပ်ပါတယ်။ ။

ပါမောက္ခဒေါက်တာမြင့်သိန်း