၂၀၂၁ ဆီးဂိမ်းပြိုင်ပွဲအတွက်  မြန်မာ ယူ-၂၁ အသင်း မတ်လဒုတိယပတ်တွင် စတင်လေ့ကျင့်မည်

နေပြည်တော် ၂၆ ဖေဖော်ဝါရီ

 

မြန်မာ ယူ-၂၁ အသင်းသည် ၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲအတွက် ရည်ရွယ်၍ မတ်လဒုတိယပတ်မှစ၍ စတင်လေ့ကျင့်မည် ဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲတွင် ကြေးတံဆိပ်ရအောင် စွမ်းဆောင်ပေးခဲ့သည့် ဘူဂေးရီးယားနိုင်ငံသား နည်းပြပိုပေါ့ဗ်ကို ၂၀၂၁ ဆီးဂိမ်းပြိုင်ပွဲအထိ ဆက်လက်တာဝန်ပေးမည်ဖြစ်ပြီး အချိန်ယူ လေ့ကျင့်ပြင်ဆင်ရန် ဆောင်ရွက်ပေးမည်ဖြစ်သည်။

 

ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲကို ယူ-၂၂ ပြိုင်ပွဲအဖြစ် သတ်မှတ်ထားသောကြောင့် မြန်မာအသင်းသည် ယခုနှစ်တွင် အသက် ၂၁ နှစ်အောက် ကစားသမားများဖြင့် ဖွဲ့စည်းကာ လေ့ကျင့်ပြင်ဆင်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။ ဗီယက်နမ် ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၁ ခုနှစ်မှ ကျင်းပမည်ဖြစ်သော်လည်း မြန်မာ ယူ-၂၁ အသင်းနည်းပြချုပ်ပိုပေါ့ဗ်သည် ဆီးဂိမ်းပြိုင်ပွဲအတွက် ရေရှည်ပြင်ဆင်လိုသောကြောင့် အချိန်ယူလေ့ကျင့်ပြင်ဆင်ခြင်းဖြစ်သည်။

 

၂၀၂၁ ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၁ အသင်းတွင် ၂၀၁၉ ပြိုင်ပွဲဝင်အသင်းမှ ကစားသမားအနည်းငယ်သာ ပြန်လည်ပါဝင်မည်ဖြစ်ရာ ကစားသမားသစ်အများစု ပါဝင်လာမည်ဖြစ်သောကြောင့် နည်းပြချုပ်အနေဖြင့် အချိန်ယူပြင်ဆင်လိုနေခြင်း ဖြစ်သည်။

 

မြန်မာ ယူ-၂၁ အသင်းနည်းပြချုပ် ပိုပေါ့ဗ်၊ လက်ထောက်နည်းပြများဖြစ်သည့် ဦးချစ်နိုင်နှင့် ဦးဇော်ဝင်းထွန်းတို့သည် ကစားသမားများ ရွေးချယ်ရန် ဇန်နဝါရီကတည်းက လိဂ်ပွဲအားလုံးကို လိုက်လံကြည့်ရှုလျက်ရှိပြီး မတ်လတွင် ကစားသမား ၂၅ ဦးဖြင့် စတင်လေ့ကျင့်မည်ဖြစ်သည်။

 

မြန်မာ ယူ-၂၁ အသင်းသည် မတ်လတွင် လေ့ကျင့်မှုများသာ ပြုလုပ်မည်ဖြစ်ပြီး အသင်းနှင့် အံမဝင်သည့်ကစားသမားများကို အပြောင်းအလဲပြုလုပ်ကာ နိုင်ငံတကာ ရက်သတ္တပတ်အတွက် လိဂ်ပြိုင်ပွဲရပ်နားသည့်ကာလတိုင်း လေ့ကျင့်မှုပြုလုပ်သွားမည် ဖြစ်သည်။

 

မြန်မာ ယူ-၂၁ အသင်းသည် ယခုနှစ်အတွင်း အဓိကနိုင်ငံတကာပြိုင်ပွဲ ယှဉ်ပြိုင်ရန်မရှိသော်လည်း ဖိတ်ခေါ်ပြိုင်ပွဲများရှိပါက ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင်မူ ပြိုင်ပွဲများဆက်တိုက် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်