၂၀၂၁ ခုနှစ်အတွင်း အဓိကနိုင်ငံတကာ ပြိုင်ပွဲများ ယှဉ်ပြိုင်ရမည့် မြန်မာ ယူ-၂၂ အသင်း

နိုဝင်ဘာ ၇

မြန်မာ ယူ-၂၂ အသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရခြင်းမရှိသော်လည်း ၂၀၂၁ ခုနှစ်အတွင်း အဓိက နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းစ် ပြိုင်ပွဲအပါအဝင် နိုင်ငံတကာပြိုင်ပွဲနှစ်ခု ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အာဆီယံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် အာဆီယံ ယူ-၂၂ ပြိုင်ပွဲကျင်းပဖြစ်ပါက ပြိုင်ပွဲသုံးခုအထိ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ယခုနှစ်အတွင်း စခန်းဝင်လေ့ကျင့်နိုင်ခြင်း မရှိဘဲ လာမည့်နှစ်ဆန်းပိုင်းမှသာ အစောဆုံး လေ့ကျင့်နိုင်မည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းယှဉ်ပြိုင်မည့် အာရှ ယူ-၂၃ ခြေစစ်ပွဲနှင့် ၂၀၂၁ ဗီယက်နမ် ဆီးဂိမ်းစ်ပြိုင်ပွဲကို အောက်တိုဘာ နောက်ပိုင်းမှသာ ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် အာဆီယံ ယူ-၂၂ ပြိုင်ပွဲသာ မကျင်းပဖြစ်ပါက ပြင်ဆင်ချိန်ရရှိမည်ဖြစ်သည်။ 

 

a1
၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲ တတိယလုပွဲတွင် မြန်မာနှင့် ကမ္ဘောဒီးယားအသင်း ယှဉ်ပြိုင်နေစဉ်

 

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ဆီးဂိမ်းစ်ပြိုင်ပွဲ ကျင်းပသည့်နှစ်များတွင် အာဆီယံ ယူ-၂၂ ပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ပြီး လာမည့်နှစ်တွင် ကျင်းပရမည့် နှစ်ဖြစ်သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါအပေါ် မူတည်၍ အတည်ပြုဖွယ်ရှိနေသည်။ မြန်မာအသင်း ယှဉ်ပြိုင်မည့် အာရှ ယူ-၂၃ ခြေစစ်ပွဲကို အောက်တိုဘာ ၂၃ ရက်မှ ၃၁ ရက်၊ ဗီယက်နမ် ဆီးဂိမ်းစ်ပြိုင်ပွဲကို နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ကျင်းပမည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ်အဖြစ် ဘူဂေးလ်ရီးယားနိုင်ငံသား ပိုပေါ့ဗ်ကို ဆက်လက်တာဝန်ပေးမည်ဖြစ်ပြီး ၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်ရခဲ့သည့်အသင်းမှ အသက်မီသည့်ကစားသမားများ MNL နှင့် လူငယ်လိဂ်များမှ လူငယ်ကစားသမားများဖြင့် ဖွဲ့စည်းမည်ဖြစ်သည်။

နည်းပြချုပ်ပိုပေါ့ဗ်သည် မြန်မာ ယူ-၂၂ အသင်းကို ၂၀၁၉ နှစ်ဆန်းပိုင်းတွင် စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၁၉ ခုနှစ်၌ကျင်းပသည့် အာဆီယံ ယူ-၂၂ ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရကာ အာရှ ယူ-၂၃ ခြေစစ်ပွဲ မအောင်မြင်သော်လည်း ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိအောင် စွမ်းဆောင်ပေးခဲ့သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ -  စိုးညွန့်