၂၀၂၁ ခုနှစ်အတွင်း ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ တိုက်စစ်မှူး လီဝန်ဒိုစကီးရဲ့ သွင်းဂိုး ၄၃ ဂိုးအထိရှိလာ

ဒီဇင်ဘာ ၁၉

ဘိုင်ယန်မြူးနစ်အသင်းမှ ပိုလန်တိုက်စစ်မှူး လီဝန်ဒိုစကီးဟာ ဒီဇင်ဘာ ၁၈ ရက်ညပိုင်းက ဘိုင်ယန်မြူးနစ် အသင်းနဲ့ ဝုလ်စ်ဘတ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစဉ်မှာ တစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ၂၀၂၁ ခုနှစ်အတွင်း သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုး ၄၃ ဂိုးအထိရှိလာခဲ့ပြီဖြစ်ပါတယ်။

လက်ရှိမှာ တိုက်စစ်မှူး လီဝန်ဒိုစကီးဟာ ဘိုင်ယန်မြူးနစ် အသင်းနဲ့အတူ တစ်နှစ်အတွင်း သွင်းဂိုး ၄၃ ဂိုးအထိ စံချိန်တင် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပြီး လီဝန်ဒိုစကီး မတိုင်ခင်က တိုက်စစ်မှူး ဂတ်မူလာဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် တစ်နှစ်အတွင်း သွင်းဂိုး ၄၂ ဂိုးအထိစံချိန်တင်သွင်းယူ နိုင်ခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဗိုလ်စ်ဘတ်အသင်းတို့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ခုနစ်မိနစ်မှာ သောမက်မူလာ၊ ၅၇ မိနစ်မှာ အက်ပါမီကာနို၊ ၅၉ မိနစ်မှာ ဆားနဲ့ ၈၇ မိနစ်မှာ လီဝန်ဒိုစကီး တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

တိုက်စစ်မှူး လီဝန်ဒိုစကီးဟာ အခုပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ၂၀၂၁ ခုနှစ် အတွင်းမှာ ပိုလန်လက်ရွေးစင်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းအတွက် ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်စုစုပေါင်း ၅၉ ပွဲမှာ သွင်းဂိုး ၆၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဝုလ်စ်ဘတ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ဂျာမန်ဘွန်ဒက်လီဂါ ပွဲစဉ်-၁၇ ကစားပြီးချိန်မှာ ရမှတ်စုစုပေါင်း ၄၃ မှတ်အထိ စုဆောင်းနိုင်ခဲ့ပြီး အမှတ်ပေးဇယားအဆင့်(၂)နေရာက ဒေါ့မွန်အသင်းကို ကိုးမှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဗိုလ်စ်ဘတ်အသင်းကတော့ ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ဘွန်ဒက်လီဂါပွဲစဉ် ၁၆ ကစားပြီးနောက် ရမှတ် ၂၀ နဲ့ အမှတ်ပေးဇယား အဆင့်(၁၂) နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ငွေကြယ်